မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်လှုံ့ဆော်သူ နောက်ထပ် ၂ဦး လာရောက်အဖမ်းခံ၊ ချက်ချင်းရုံးထုတ်

မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်လှုံ့ဆော်သူ နောက်ထပ် ၂ဦး လာရောက်အဖမ်းခံ၊ ချက်ချင်းရုံးထုတ်
 (ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

ရန်ကုန်၊ မေ ၁၅ ။             ။ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်သူဟု ရဲတပ်ဖွဲ့ကယူဆ၍ ဖမ်းဝရမ်းအထုတ်ခံထားရသူ ဦးတင်လင်းထိုက်နှင့် ဦးတင်ဌေးအောင် တို့နှစ်ဦးကို မေလ ၁၅ရက်က အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့တွင် လာရောက်အဖမ်းခံပြီးနောက် မင်္ဂလာတောင်ညွှန့်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

အဆိုပါနှစ်ဦးသည် ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့၌ မေ ၁၅ရက် နံနက်ပိုင်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ခြင်းလည်း ဖြစ်သည်။

ဦးတင်လင်းထိုက်နှင့် ဦးတင်ဌေးအောင် အပါအဝင် လက်ရှိဖမ်းမိထားသူ လေးဦးကိုနောက်တစ်ပတ်ရုံးချိန်း မေ ၂၂ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း မင်္ဂလာတောင်ညွှန့် တရားရုံး စာရေးတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“အဖမ်းမိတဲ့နှစ်ယောက်ကို အင်းစိန်ထောင်ပို့လိုက်ပြီ" ဟု အမည်မဖော်လိုသူ တရားရုံးတာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က ဝရမ်းထုတ်ထားသူ ရဟန်း ၂ပါးနှင့် လူ ၅ဦးရှိပြီး ၄ဦးကိုဖမ်းမိထားခြင်းလည်းဖြစ်သည်။

မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်လှုံ့ဆော်သူအဖြစ် ရဲတပ်ဖွဲ့က ယူဆထားသည့် ကိုလတ်နှင့် ဇနီးဖြစ်သူ မအောင်အောင်မြင့်တို့ကို မေလ ၁၁ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က   မြေပဒေသာကျွန်းနားတွင် ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဦးဆောင်သူဟု ရဲတပ်ဖွဲ့ကယူဆ၍ ဖမ်းဝရမ်းထုတ်ထားသူ ရဟန်း နှစ်ပါးနှင့် လူတစ်ဦးသာ ကျန်ရှိနေခြင်းလည်းဖြစ်သည်။

၎င်းတို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဦးက တရားလိုပြု၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။

ဖြစ်စဉ်မှာ မေလ ၉ ရက် ညက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းလမ်းအနီး တိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများရှိနေသည်ဟုဆိုကာ အမျိုးသားရေးအင်အားစုများနှင့်အတူ သွားရောက်ရှာဖွေခဲ့ကြသည်။

သွားရောက်ရှာဖွေခဲ့ပြီး ပြန်ဆင်းလာစဉ် ရပ်ကွက်သားတစ်ဦးအား ရိုက်နှက်မှု ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်ခံများနှင့် အမျိုးသားရေးအင်အားစုဆိုသူများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ဝင်ရောက်ထိန်းပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly