အစိုးရစီမံကိန်းများတွင် ကုမ္ပဏီများ၏ လုပ်ဆောင်မှု စီစစ်ပြီး တိုင်းလွှတ်တော်သို့ တင်ပြရန် ညွှန်ကြားထား

အစိုးရစီမံကိန်းများတွင် ကုမ္ပဏီများ၏ လုပ်ဆောင်မှု စီစစ်ပြီး တိုင်းလွှတ်တော်သို့ တင်ပြရန် ညွှန်ကြားထား
ဓာတ်ပုံ - တင်ရွှေ (မဇ္ဈိမ)

မကွေး ၊ မေလ ၁၅ ။                       ။ ၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး၏ အစိုးရစီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါအောင်မြင်ပြီး လုပ်ကိုင်နေကြသောကုမ္ပဏီများ၏ လုပ်ဆောင်မှုများကို စီစစ်စာရင်းပြုစုကာ တိုင်းလွှတ်တော်သို့ တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

ဆောက်လုပ်ရေး၊ လမ်းတံတား ၊ ဆည်မြောင်း တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ကုမ္ပဏီများ၏ လုပ်ဆောင်မှုအခြေအနေများကို  မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ ပေးပို့ရန် ညွှန်ကြားထားကြောင်း ဆင်ပေါင်ဝဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းက မေလ ၁၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ထိုသို့ပေးပို့ရန် မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌက မြို့နယ်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်များသို့ မေလအတွင်းက ညွှန်ကြားလွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

"မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက မြို့နယ်အသီးသီးရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ ပေးပို့ခဲ့တာပါ"ဟု ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းက ပြောသည်။

ထိုသို့ စနစ်တစ်ကျ စီမံကွပ်ကဲပေးခြင်းသည် မကွေးတိုင်းဒေသကြီးအတွင်း အရည်အသွေးမြင့်သော အဆောက်ဦ စီမံကိန်းများဖြစ်ပေါ်လာစေရန်ဖြစ်ကြောင်း  သိရပြီး ဆောက်လုပ်ရေး၊ လမ်းတံတား ၊ ဆည်မြောင်း တည်ဆောက်ရေးလုပ်ငန်းများ ပါဝင်သည်။

“လုပ်ငန်းတွေကတော့ အစိုးရဆီက တင်ဒါအောင်ပြီး ဆောက်လုပ်ရေး၊ လမ်းတံတား ၊ ဆည်မြောင်း တည်ဆောက်ရေးလုပ်ငန်းပါခင်ဗျ။ ဘာတွေ အရင် စစစ်မယ်ဆိုတော့ကာ ပြန်တင်ရမယ့်ရက်က နီးနေပြီလေ။  ဒီတော့ လုပ်ငန်းမစခင်တည်းက စီမံကွပ်ကဲခွင့်ပေးထားတဲ့ ဆောက်လုပ်ရေးဌာနတွေရဲ့ လုပ်ငန်းတစ်ခုအပေါ်တာဝန်ယူတဲ့ကုမ္ပဏီဟာ ကောင်း၊ မကောင်း၊ အဆင့်ဆင့်မေးမြန်းခြင်းနဲ့   ဒေသခံတွေရဲ့ သဘောကျကျေနပ်မှု ရှိ၊ မရှိ ၊ တိုင်တန်းမှုရှိခဲ့လား ဆိုတာက စစ်ဆေးသွားမှာပါ ” ဟု ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေထက်ဝင်းက ပြောသည်။

လက်ရှိတွင် မကွေးတိုင်းလွှတ်တော်မှ ညွှန်ကြားလွှာရရှိသော မြို့နယ်တိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်များက စတင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရပြီး လက်ရှိတွင် မြို့နယ် ၂ မြို့နယ် စစ်ဆေးပြီးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly