အသင်းမှ ထွက်ခွာသွားရန် တောင်းဆိုနေမှုများမှာ ၎င်းကို ထိခိုက်မှုမရှိကြောင်း အာစင်ဝင်းဂါးပြော

အသင်းမှ ထွက်ခွာသွားရန် တောင်းဆိုနေမှုများမှာ ၎င်းကို ထိခိုက်မှုမရှိကြောင်း အာစင်ဝင်းဂါးပြော

မေ ၁၄၊ အင်္ဂလန် ။          ။ အာဆင်နယ်အသင်းက စတုခ်စီးတီးအသင်းကို ၁-၄ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အာဆင်နယ်ပရိသတ်အချို့သည်အာစင်ဝင်းဂါးကို အသင်းမှထွက်ခွာသွားရန်   တောင်းဆိုမှုများရှိခဲ့သလို လေယာဉ်၌စာတန်းချိတ်ဆွဲပြီး တောင်းဆိုမှုတစ်ခုလည်း ဖြစ်ပွားခဲ့သည်။

ဝင်းဂါးကို အလိုမရှိတော့သည့် ပရိသတ်များသည် ဝက်စ်ဘရွန်းနှင့်ပွဲစဉ်တွင်လည်း ထိုကဲ့သို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ စတုခ်နှင့်ပွဲတွင် Wenger-Out Means Out ဆိုသည့်စာတန်းကို လေယာဉ်တွင် ချိတ်ဆွဲပြီး စတုခ်စီးတီးအသင်းပိုင် Bet365 ကွင်းအပေါ်တွင် ပျံသန်းခဲ့သည်။

ထိုကဲ့သို့ဆန္ဒပြတောင်းဆိုနေခြင်းများမှာ ၎င်းကို ထိခိုက်မှုမရှိကြောင်း အာစင်ဝင်းဂါးက ဆိုသည်။ "ကျွန်တော်ချစ်တဲ့ ဒီအသင်းအတွက် အကောင်းဆုံးပေးဆပ်ခဲ့ပါတယ်။ ဒီမှာရှိနေတဲ့နောက်ဆုံးအချိန်အထိ တာဝန်ယူမှုအပြည့်နဲ့ အလုပ်လုပ်သွားမှာပါ။ ဆန္ဒပြတောင်းဆိုနေမှုတွေက ကျွန်တော့်ကို ဘာမှ ထိခိုက်မှု မဖြစ်စေပါဘူး။

ဘောလုံးအပေါ်ကိုပဲ အာရုံစိုက်လိုပါတယ်။ ကျွန်တော်က နိုင်ငံရေးလောကထဲရောက်နေတာမဟုတ်ပါဘူး။ အားကစားလောကထဲမှာပါ။ ကျွန်တော်အားကစားကို ချစ်ပါတယ်။ ဒီအလုပ်အတွက် တစ်နေ့ကို ၂၄ နာရီ အချိန်ပေးထားတာပါ။ တစ်ချို့အချက်တွေက ကျွန်တော်နဲ့သဘောထားတိုက်ဆိုင်နိုင်ပေမယ့် တစ်ချို့အချက်တွေမှာတော့ သဘောထားကွဲလွဲမှာပါပဲ" ဟု အာစင်ဝင်းဂါးက ဆိုသည်။

အာစင်ဝင်းဂါးအား သူ၏အနာဂတ်နှင့်ပတ်သက်၍မေးမြန်းခဲ့ရာတွင် အခုအချိန်၌ ဘာမှ ပြောစရာမရှိကြောင်း ဖြေကြားသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly