ပင်လယ်ရေတိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် ကျောင်းသူကျောင်းသားများအား အန္တရာယ်ဖြစ်စေနိုင်

ပင်လယ်ရေတိုက်စားပြီး ကမ်းပါးပြိုမှုကြောင့် ကျောင်းသူကျောင်းသားများအား အန္တရာယ်ဖြစ်စေနိုင်
ဓာတ်ပုံ - ဦးအောင်ကျော်ထွီး

ပေါက်တောမြို့နယ်အတွင်းရှိ ဖရုံကာကျွန်းစုဖြစ်သော အနောက်ဖရုံကာ(မြေငူကျွန်း)မှာ ပင်လယ်ရေတိုက်စားမှုကြောင့် မြေမြိုမှုများ ဖြစ်ပွားနေသည့်အတွက် ကျေးရွာချင်းဆက်လမ်းမှာ ပျက်စီးလာနေပြီဖြစ်ရာ ယခုနှစ်မိုးရာသီတွင် ယင်းလမ်းကို အသုံးပြုသွားလာနေကြသည့် ကျောင်းသူ/သားများအတွက် အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ပင်လယ်ရေ တိုက်စားမှုကြောင့် မြေပြိုမှုဒဏ်ကို သဲခုံကျေးရွာမှာ အဓိကရင်ဆိုင်နေကြရပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစတင် ခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် သဲခုံကျေးရွာနှင့် အနီးအားကျေးရွာများသို့ ဆက်သွယ် ဖောက်လုပ်ထားသည့်လမ်းကို တိုက်စားလာနေပြီ ဖြစ်သည့်အတွက် ယင်းကျေးရွာမှ ကလေးငယ်များမှာ တခြားကျေးရွာသို့ သွားရောက်ကျောင်းတက်ရန် အခက်အခဲများ ရှိနေကြောင်းသိရသည်။

“လှိုင်းတိုက်စားမှုကြောင့် မြေတွေပြိုကျလာတာ လူသေရင်မြှုပ်မဲ့နေရာတောင် မရှိတော့တဲ့အထိဖြစ်နေပါပြီ။ ရွာမှာက မူလတန်းကျောင်းပဲရှိတယ်။ အလယ်တန်းကို တခြားရွာမှာ သွားတက်ရတယ်။ အဲဒီတခြားရွာကို ကျောင်းတက်သွားနေတဲ့ လမ်းဟာလည်း အခုဆိုရင် ပင်လယ်လှိုင်းတိုက်စားလို့ ပြတ်လုနီးပါးဖြစ်နေပြီ။ မိုးရာသီဆိုရင် ကျွန်တော်တို့အတွက် အရမ်း အန္တရာယ်ရှိတယ်။ လှိုင်းဒဏ်ကိုကာကွယ်တဲ့ ကျောက်တံတိုင်းတွေ လုပ်ပေးစေချင်ပါတယ်”ဟု ရွာသားဦးမောင်သန်းလှိုင် က RiA သို့ ပြောသည်။

သဲခုံကျေးရွာတွင် အိမ်ခြေ ၃၃၄ ဆောင်ရှိပြီး ကျောင်းသူကျောင်းသား ၁၆၀ ခန့်ရှိကာ တခြားကျေးရွာသို့ သွားရောက် ကျောင်းတက်နေကြသည့် ကျောင်းသားပေါင်း ၅၀ ဦးခန့်ရှိကာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ကမ်းပါးပြိုမှုကြောင့် လူနေအိမ် ပေါင်း ၆၀ ခန့်နှင့် ဘုန်းတော်ကြီးကျောင်း အပါအဝင် ကျေးရွာသင်္ချိုင်းတို့ကို နေရာရွှေ့ပြောင်း ပေးလိုက်ရကြောင်း သိရသည်။

“စစ်တွေမှာ ဆောက်နေတဲ့ အိန္ဒိယဆိပ်ကမ်းက ဒီသဲခုံရွာအနီးမြစ်ကပဲ သဘောၤတွေနဲ့ သဲလာတူးပါတယ်။ ဒီလိုယူတာတွေ များလာတော့ ကမ်းတွေပြိုပြီး ကျွန်တော်တို့သဲခုံရွာက ပင်လယ်အောက် ရောက်တော့မယ်။ ဘုန်းကြီးကျောင်းတောင် ကမ်းပြိုပြီး ရေထဲပါသွားလို့ တခြားနေရာ ပြောင်းဆောက်ထားရတယ်။ အခုဆိုရင် စာသင်ကျောင်းပါ ရေထဲပါလုနီးပါး ဖြစ်နေပြီ” ဟု သဲခုံရွာအုပ်ချုပ်ရေးမှူး ဦးစံရွှေသာက  ပြောသည်။

ယင်းအပြင် ပင်လယ်ရေလှိုင်းများ ရိုက်ခတ်နေသည့်အတွက် ကမ်းပြိုမှုများမြင့်တက်လာနေပြီး ကျေးရွာအတွင်းသို့ ဒီရေဝင်ရောက်မှုများ ဖြစ်လာကာ ပင်လယ်ကမ်းစပ်နံဘေးတွင် တည်ရှိသည့် ကျေးရွာမူလတန်းကျောင်းမှာလည်း လှိုင်းရိုက်ခတ်မှုများကြောင့် ကျောင်းအတွင်း စာသင်ကြားရန်အတွက် အခက်အခဲများရှိနေကြောင်းလည်း သိရသည်။

“သဲခုံကျေးရွာက တကယ်အန္တရာယ်များနေပါပြီ။ အဲဒီရွာဟာ ကျွန်တော်တို့မြင်တွေ့နေရတာက အခုစာသင်ကျောင်း ရှိတဲ့နေရာကနေ ဟိုဘက် မြစ်နဲ့ ပင်လယ် ဆက်သွားနိုင်ပါတယ်။ လှိုင်းတိုက်စားပြီး ကျေးရွာပျက်သွားမယ့် အနေအထား ရှိနေပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကလေးတွေ အန္တရာယ်မဖြစ်ရအောင် ကျောင်းကို နေရာပြောင်းရွှေ့ပေးဖို့နဲ့ မြေပြိုမှုကို တားဆီးနိုင်အောင်အတွက် လိုင်းကာတွေဆောက်လုပ်ပေးဖို့ သဘာဝဘေးဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ပေးဖို့ လိုအပ်ပါတယ်”ဟု ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။

ယခုကဲ့သို့ကမ်းပြိုမှုများဖြစ်ပွားရခြင်းမှာ မြေငူကျွန်းနှင့် ပင်လယ်ပြင်တို့အကြား ကာရံလျှက်ရှိခဲ့သည့် သဘာဝကျောက် ဆောင် ကျောက်တန်းများအား ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်း၊ ၂၀၁၀ အစိုးရ လက်ထက်တွင် ပင်လယ်ကူး သင်္ဘောကြီးများ သွားလာနိုင်ရန်အတွက် သဲတူးခြင်းများတို့ကြောင့် ဖြစ်ကြောင်းသိရသည်။မြေငူကျွန်းမှာ ကုလားတန်မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်တို့ ထိစပ်နေသည့်နေရာတွင် တည်ရှိသော ကျွန်းဆွယ်တစ်ခု ဖြစ်ပြီး အလျား ၁၂ ခန့်ရှိကာ ပင်လယ်ကမ်းခြေဘက်တွင် ကျေးရွာ ၁၀ ရွာခန့်နှင့် ကျွန်းတစ်ခုလုံးတွင် ကျေးရွာပေါင်း ၂၅ ရွာ တည်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly