FBI ညွှန်ကြားရေးမှူးကို ရာထူးကနေ ဖြုတ်ပစ်ချင်နေခဲ့တာ ကြာပြီလို့ ဒေါ်နယ်ထရမ့် ဖွင့်ဟ

FBI ညွှန်ကြားရေးမှူးကို ရာထူးကနေ ဖြုတ်ပစ်ချင်နေခဲ့တာ ကြာပြီလို့ ဒေါ်နယ်ထရမ့် ဖွင့်ဟ

မေ ၁၂ ။            ။ အမေရိကန် ဗဟိုထောက်လှမ်းရေး ဗျူရို FBI အကြီးအကဲ ဂျိမ်းစ် ကိုမီ ကို ရာထူးကနေ ထုတ်ဖို့ လုပ်ခဲ့တာ ကြာပြီဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဂျိမ်း ကိုမီကို ရာထူးကနေ ဖယ်ရှားပစ်ဖို့ အရင်ကတည်းက အကြိမ်ကြိမ် ကြံရွယ်ခဲ့မိတယ်လို့ သမ္မတ ထရမ့်က ပြောဆိုလိုက်ပြီး သမ္မတနဲ့ နီးစပ်တဲ့ အရာရှိတွေရဲ့ အကြံပေးချက်ကြောင့် ယင်းဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတဲ့ အိမ်ဖြူတော်ရဲ့ မူလပထမ ထုတ်ပြန်ချက်ကို မှေးမှိန်စေခဲ့ပါတယ်။

တစ်ဘက်မှာလည်း၂၀၁၆ ရွေးကောက်ပွဲတုန်းက ရုရှတို့ရဲ့ ကြားဝင်စွက်ဖက်မှု ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ FBI ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရပ်တန့်သွားစေဖို့ ယခုလို ဂျိမ်းကိုမီကို ထုတ်ပယ်လိုက်ခြင်း  ဖြစ်တယ်လို့ အတိုက်အခံတွေဘက်က စွပ်စွဲထားတုန်းဖြစ်ပါတယ်။

ဂျိမ်းကိုမီ အထုတ်ခံရခြင်းနဲ့ ပတ်သက်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာတော့ ဟီလာရီကလင်တန်ရဲ့ အီးမေးလ်ကိစ္စမှာ ၎င်းရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်လို့ ရှင်းခဲ့ပေမယ့် ထရမ့်ကတော့ ၎င်းအနေနဲ့ ဂျိမ်းကိုမီကို ထုတ်ပစ်ဖို့လုပ်ခဲ့တာ ကြာပြီ လို့ ပြောသွားခဲ့ပါတယ်။

သမ္မတ ထရမ့်အနေနဲ့ ဂျိမ်းစ် ကိုမီရဲ့ အဖွဲ့အစည်းအတွင်း ဦးဆောင်နိုင်မှုအပေါ်မှာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့တာကြာပြီလို့ သိရပြီး တစ်ဘက်မှာတော့ ယခုကိစ္စမှာ သမ္မတအနေနဲ့ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်နဲ့ ဒုတိယရှေ့နေချုပ်တို့ရဲ့ အကြံပေးချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်းသာဖြစ်တယ်လို့ ဒုသမ္မတ မိုက်ပန့်စ်နဲ့ အိမ်ဖြူတော်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly