ပြည်မြို့လယ်ခေါင် အင်တာနက်ကဖေးဆိုင်တစ်ခု ဓါးထောက်လုယက်ခံရ

ပြည်မြို့လယ်ခေါင် အင်တာနက်ကဖေးဆိုင်တစ်ခု ဓါးထောက်လုယက်ခံရ

ပြည်၊ မေ ၁၂ ။            ။ ပဲခူးတိုင်း ပြည်ခရိုင်၊ ပြည်မြို့တွင် မေလ ၁၁ ရက်၊ ညပိုင်းက အင်တာနက်ကဖေးဆိုင်တစ်ခုကို လူနှစ်ဦးက ဝင်ရောက်ကာ ဓါးထောက်လုယက်ခဲ့သည်။

“သူတို့က ဝင်လာပြီးတော့ ကျွန်တော့ကို ဓါးနဲ့ထောက်ထားတယ်။ ပိုက်ဆံတွေ ကွန်ပျူတာတွေယူပြီးပြန်ထွက်တဲ့အချိန် ကျွန်တော့အလုပ်ရှင်ဝင်လာတယ်။ ကျွန်တော့အလုပ်ရှင်ဆီကပါ ထပ်ပြီး ပိုက်ဆံတွေ ယူသွားတယ်”ဟု အင်တာနက်ကဖေးဆိုင်၏ ကွန်ပျူတာစာရေး ကိုစွမ်းထက်လင်းက ပြောသည်။

မေလ ၁၁ ရက်၊ ည ၈နာရီခွဲအချိန်က ပြည်မြို့ ရွှေကူရပ်ကွက် ၊ တရုတ်တန်းလမ်းရှိ ဒေါင်းမင်း အင်တာနက်ကဖေးဆိုင်ကို လူနှစ်ဦး ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်သည်။

”အစ်ကိုက အကြွေးတောင်းပြီးဝင်လာတော့အစ်ကို့တပည့်ကို ဓါးနဲ့ထောက်ထားတယ်။ အစ်ကို့ပါ ဓါးနဲ့ထောက်ထားပြီးတောင်းတယ်။ အစ်ကိုပေးလိုက်တယ်”ဟု အင်တာနက် ကဖေးဆိုင်ရှင် ကိုငယ်လေးက လုယက်ခံရမှုဖြစ်စဉ်ကို ပြောသည်။

ဖုန်းနှစ်လုံး ၊ Laptop ကွန်ပျူတာ ၊ တစ်လုံးနှင့် ငွေသား ကျပ်သိန်း ၁၇ သိန်း တို့ကို ယူဆောင်သွားခဲ့ပြီး စုစုပေါင်းငွေသားနှင့်ပစ္စည်းတန်ဖိုး သိန်း၃၀ခန့် ပါသွားသည်ဟု ဆိုင်ပိုင်ရှင်ကိုငယ်လေးက ပြောသည်။

လုယက်သူသည် လူသတ်မှု၊ ဓါးထိုးမှုများဖြင့် တရားခံပြေးဖြစ်နေသူ ကိုဝက်ကလေးဟု သိရပြီး ဓါး နှင့် ရဲတပ်ဖွဲ့သုံး ရာဘာတုတ်ပုံစံ လက်နက် များကို အသုံးပြုခဲ့တယ်ဟု အင်တာနက်ကဖေးဆိုင်ရှင်က ပြောသည်။

လုယက်မှုဖြစ်စဉ်တွင် အင်တာနက် ကဖေး ကွန်ပျူတာစာရေး ကိုစွမ်းထက်လင်း ဦးခေါင်း၌ ဒဏ်ရာအနည်းငယ်ရခဲ့ပြီး အင်တာနက်ကဖေးပိုင်ရှင်ကိုငယ်လေး က ပြည်မြို့၊ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရဲတပ်ဖွဲ့သို့မေးမြန်းသော်လည်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ၊ အမှတ်(၁) ရဲစခန်း စခန်းမှူး ၊ တာဝန်မှူး တို့အားမေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိချေ။ တိုင်ချက်ကောက်ထားဆဲဖြစ်ပြီး တရားခံကိုအပူတပြင်းလိုက်လံရှာဖွေနေရသည်ဟုသာ ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly