ဒါရိုက်တာစတိဗ်မက်ကွင်းက ရက်ပ်အဆိုတော်တူးပတ်ခ်၏ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးမည်

ဒါရိုက်တာစတိဗ်မက်ကွင်းက ရက်ပ်အဆိုတော်တူးပတ်ခ်၏ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးမည်

အော်စကာဆုပေးပွဲ၌ အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့သော 12 Years a Slave ဇာတ်ကား၏ ဒါရိုက်တာဖြစ်သူ စတိဗ်မက်ကွင်းသည် ကွယ်လွန်သွားပြီဖြစ်သော နာမည်ကျော် အမေရိကန်ရက်ပ်အဆိုတော် တူးပတ်ခ်ရှာခေါအကြောင်း မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖန်တီးမည်ဖြစ်သည်။

ထို့ကြောင့် ကွယ်လွန်သွားပြီဖြစ်သော တူးပတ်ခ်၏ မိသားစုနှင့်အတူ ရုပ်ရှင်ကို ဖန်တီးရန်အတွက် စာရင်းပေး သွင်းပြီးပြီ ဖြစ်သည်။

၁၉၉၆ ခုနှစ်က အသတ်ခံခဲ့ရသော တူးပတ်ခ်ရှာခေါသည် အနုပညာသက်တမ်း ငါးနှစ်သာရှိခဲ့သေ်ာလည်း သီချင်းခွေအချပ်ရေ ၇၅သန်းကျော်ခန့် ရောင်းချနိုင်ခဲ့ကာ ဂီတသူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင်ခံထားရ သူ ဖြစ်သည်။

“ဂန္တဝင်အနုပညာရှင်တစ်ဦးဖြစ်တဲ့ တူးပတ်ခ်ရှာခေါရဲ့ ဘဝမှတ်တမ်းကို ရိုက်ကူးပုံဖော်ရမှာဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်” ဟု မက်ကွင်းက ပြောခဲ့သည်။

“၁၉၉၃ ခုနှစ်က ကျနော် နယူးယောက်တက္ကသိုလ်က ရုပ်ရှင်ကျောင်းမှာ တက်နေရင်းနဲ့ ဟစ်ဟော့ပ်လောက အကြောင်းလေ့လာပြီး တူးပတ်ခ်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ရတဲ့ အချိန်တွေကို မှတ်မိနေပါတယ်” ဟု မက်ကွင်းက ထပ်လောင်းပြောကြားခဲ့သည်။

ထိုမှတ်တမ်းရုပ်ရှင်ကို တူးပတ်ခ်ရှာခေါ၏ အဒေါ်ဖြစ်သူ ဂလိုရီယာကော့စ်က ထုတ်လုပ်သူအဖြစ်ပါဝင်သွားမည် ဖြစ်ပြီး Amaru Entertainment မှ ပံ့ပိုးကူညီမည်ဖြစ်သည်။

နာမည်ကျော်ကြားခဲ့သော တူးပတ်ခ်ရှာခေါသည် လွန်ခဲ့သော ၁၉၉၆ခုနှစ် စက်တင်ဘာလက လာ့စ်ဗီးဂတ်စ်မြို့ တွင် အမည်မသိရသော ရန်ပြုသူတစ်ဦး၏ သေနတ်ဖြင့် လေးချက်ခန့် ပစ်ခတ်ခဲ့မှုကြောင့် ကွယ်လွန်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly