ထောက်ကြန့်၌ လူသတ်ပြီး အလောင်းပစ်ခဲ့သူများအနက် နှစ်ဦးကို ဖမ်းဆီးရမိ

ထောက်ကြန့်၌ လူသတ်ပြီး အလောင်းပစ်ခဲ့သူများအနက် နှစ်ဦးကို ဖမ်းဆီးရမိ
ဓာတ်ပုံ-Yangon Police

ရန်ကုန်၊ မေ ၁၁ ။             ။ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ၊ ပျဉ်းမပင်လမ်းကြား၌ လူတစ်ဦးကို သတ်ပြီး အလောင်းစွန့်ပစ်ခဲ့သူ အမျိုးသားသုံးဦးအနက် နှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွ့ဲရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်သူဟု ယူဆခြင်းခံရသူနှစ်ဦးသည် တင်မင်းလတ်(ခ)အာဝါး အသက်(၃၈) နှစ်အရွယ်နှင့် ဇင်ဘိုအောင်(ခ) ချစ်မွှေး အသက် (၂၁)အရွယ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးအား မေလ ၉ ရက်နေ့ ညနေပိုင်းကဖမ်းမိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူသည် မင်္ဂလာဒုံမြို့နယ်အပိုင် (၇) ပေါက်ကုန်းရပ်ကွက်နေ အသက်(၁၉) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ လင်းလင်းထွန်းဖြစ်ပြီး ၎င်းသည် အိမ်နီးချင်း အသက်(၁၄) နှစ် အရွယ် မိန်းကလေးနှင့် ချစ်ကြိုက်နေကာ၊ အဆိုပါ မိန်းကလေး၏ ဦးလေးဖြစ်သူက သိရှိသွားရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ မိန်းကလေး၏ ဖခင်ဖြစ်သူ မျိုးဇော်ဦးသည် ညီဖြစ်သူ ဇင်ဘိုအောင်အား သေဆုံးသူနှင့် စကားပြောဆိုရန် ချိန်းဆိုခိုင်းစေခဲ့ပြီး မေလ ၈ ရက်၊ ညနေ ၅ နာရီခန့်တွင် လင်းလင်းထွန်းနှင့် ဇင်ဘိုအောင်တို့ ဝိုင်ယာလက်ဈေးရှိ လက်ဘက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် မျိုးဇော်ဦးနှင့် ၎င်း၏ညီ တင်မင်းလတ်တို့ ရောက်ရှိလာခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းနောက် မင်္ဂလာကိစ္စပြောဆိုရန်အတွက် ထောက်ကြန့်ရှိ အဒေါ်အိမ်သွားမည်ဟု ပြောဆိုကာ လင်းလင်းထွန်းအား ခေါ်ဆောင်လာပြီးနောက် Tiger ဘီယာစက်ရုံလမ်းကြားအတွင်းသို့   မောင်းနှင်လာကာ လင်းလင်းထွန်း၏ ပါးစပ်အား မျက်နှာသုတ်ပဝါဖြင့်ချည်နှောင်ပြီး လက်နှစ်ဘက်အား တိတ်ဖြင့်ပတ်၍ချုပ်နှောင်ကာ တင်မင်းလတ်မှ သံပိုက်လုံးဖြင့်ရိုက်၊ မျိုးဇော်ဦးမှ အသင့်ပါလာသည့် ဓားမြှောင်ဖြင့်ထိုးခဲ့ပြီး အခင်းဖြစ်နေရာ၌ထားခဲ့ကာ ပြန်လာခဲ့ကြကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအနက် ဖမ်းဆီးရမိသူနှစ်ဦးကို ထောက်ကြန့်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး လွတ်မြောက်နေဆဲ မျိုးဇော်ဦးကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly