မင်္ဂလာတောင်ညွန့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရသည့် အကြောင်းရင်းခံမှာ ငွေကြေးကိစ္စမှ စတင်သည်ဟုဆို

မင်္ဂလာတောင်ညွန့်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရသည့် အကြောင်းရင်းခံမှာ ငွေကြေးကိစ္စမှ စတင်သည်ဟုဆို

ရန်ကုန်၊ မေ ၁၀ ။            ။ မင်္ဂလာတောင်ညွှန်မြို့နယ်၌ မေ ၉ရက်က ရုန်းရင်းဆန်ခတ်ဖြစ်သည့် ကိစ္စဟာ ငွေရေးကြေးရေး ပြဿနာကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မဇ္ဈိမကို ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၂၂လမ်းမှာ ရှိသည့် တိုက်တွင် တရားမဝင် နေထိုင်သူတွေရှိကြောင်း မေလ ၉ရက် ည ၁၀နာရီဝင်းကျင်က မျိုးချစ်အဖွဲ့ဆိုသည့်လူတစ်စုက စစ်ဆေးပေးရန် တောင်းဆိုသဖြင့် လဝက၊ မြို့နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ပါဝင်ကူညီပြီး စစ်ဆေးပေးခဲ့သည်။

အဆိုပါတိုက်၏ ၅လွှာနှင့် ၈လွှာတို့ကို တောင်းဆိုသည့်အတိုင်း စစ်ဆေးပေးရာ စာရွက်စာတမ်းများပြည့်စုံနေသဖြင့် တရားဝင်နေထိုင်သူများဖြစ်သောကြောင့် အရေးယူ၍မရကြောင်း ရဲက ပြောဆိုသည်ကို တစ်ဘက်အဖွဲ့မှမကျေနပ်ရာက လူတွေဝိုင်းအုံကြည့်လာပြီး ရုန်းရင်းဆန်ခတ် စတင်ဖြစ်ရသည်ဟု သူက ဆက်ပြောသည်။

"ဖြစ်စဉ်ကို ကျွန်တော်တို့ ပြန်စုံစမ်းတယ်ပေါ့နော်။ ကျွန်တော်တို့သိရတဲ့အခါမှာ ဖြစ်စဉ်က သူတို့သွားရှာတဲ့တိုက်မှာ သူတို့ဘက်ကပါလာတဲ့ လူပုဂ္ဂိုလ်နဲ့ အဲ့တိုက်မှာ နေထိုင်သူတွေနဲ့က   ငွေရေးကြေးရေး ပြဿနာရှိတယ်၊ ငွေရေးကြေးရေးပြဿနာရှိတော့ တစ်ဘက်ကလူက သူ့ဘက်ကပါလာနိုင်တဲ့ အင်အားတွေခေါ်လာပြီးတော့ အဲဒီအိမ်ကို ဒီလိုဖြစ်ချင်လို့ ပြပြီးဝင်ရှာတာဖြစ်တယ်။ အသေးစိတ်ကတော့ ကျွန်တော်တို့ လေ့လာနေပါပြီ။ ရရင်ထပ်ပြီးတော့ ကျွန်တော်တို့ အသေးစိတ်ထုတ်ပြန်မယ်"ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုမျိုး မဖြစ်ပေါ်မီက စစ်ဆေးဖို့တောင်းဆိုခံရသည့် တိုက်မှ လူတချို့မှာ ကြိုတင် ခြိမ်းခြောက်ထားရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် (၁၂၅)လမ်းမှ ရာအိမ်မှူး ဦးထွန်းနောင်က ဆိုသည်။

"အခုသူတို့နဲ့ဖြစ်နေတဲ့ ၁၀၅၊ ၁၀၇ (တိုက်ခန်း) က သူ့ရဲ့တူဖြစ်တဲ့ ဇော်ဝင်းကိုခေါ်ပြီးတော့ အစ်ကိုတို့ ဦးလှဌေးတို့ အုပ်ချုပ်ရေးမှူးတို့ အားလုံး ရုံးထဲမှာခေါ်မေးတော့ သူက လွန်ခဲ့တဲ့ တစ်ပတ်၊ ၁၀ ရက်လောက်တည်းက မင်းတို့ဒီငွေရေးကြေးရေးအရှုပ်အရှင်းကို မရှင်းဘူးဆိုရင် ငါကတော့ မဘသ၊ မျိုးချစ်တွေခေါ်ပြီး လာရလိမ့်မယ် ဆိုပြီးတော့ ဖုန်းဆက်တယ်ဆိုပြီးတော့ သူ့ရဲ့တူတော်မောင် ဇော်ဝင်းပြောပြလို့ သိရတယ်"ဟု ဦးထွန်းနောင်က မဇ္ဈိမငိူ ပြောသည်။

ဖြစ်စဉ်တစ်ခုလုံးအတွက် မေးမြန်းနိုင်ရန် မဇ္ဈိမက မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းသို့ မေလ ၁၀ရက်က နှစ်ကြိမ်တိုင် သွားရောက်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူ မအားလပ်သဖြင့် တွေ့ခွင့်မရခဲ့ပေ။

ယခုဖြစ်စဉ်တွင် မျိုးချစ်ဆိုသည့်အဖွဲ့မှ လူအင်အား ၁၀၀ ခန့် ပါဝင်သည်ဟု သိရသည်။ မေလ ၉ရက်ညကဖြစ်စဉ်အရပ်ရပ်ကို ထိန်းနိုင်ရန် လုံခြုံရေး ရဲကား အစီး ၄၀ခန့် လာရောက်ခဲ့ရသည်ဟု ဦးလှဌေး၏ ပြောပြချက်အရ သိရသည်။ ဖြစ်စဉ်မှာ မေလ ၉ရက် ည ၁၀နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားခဲ့ပြီး မေလ ၁၀ရက် နံနက် ၂နာရီခန့်တွင် အခြေအနေ ပြန်လည်တည်ငြိမ်သွားခဲ့သည်ဟု သိရသည်။

ပုံစာ- မျိုးချစ်အဖွဲ့ဆိုသူများ တက်ရောက်ရှာဖွေခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် သပြေကုန်းရပ်ကွက်က တိုက်ခန်းအား တွေ့ရစဉ်။ (ဓာတ်ပုံ-မျိုးပြည့်သင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly