ကျေးလက်ဒေသဖွံ့ဖြိုးရေးလူထုဗဟိုပြုစီမံကိန်း လုပ်ဆောင်ရန် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်နှစ်ခုအား ရွေးချယ်

ကျေးလက်ဒေသဖွံ့ဖြိုးရေးလူထုဗဟိုပြုစီမံကိန်း လုပ်ဆောင်ရန် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်နှစ်ခုအား ရွေးချယ်

မုံရွာ၊ မေ ၉ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းလုပ်ဆောင်ရန်အတွက် ကနီမြို့နယ် နှင့် ကျွန်းလှမြို့နယ်တို့ကို ရွေးချယ်ခဲ့ကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းလုပ်ဆောင်ရန်အတွက် မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အခမ်းအနားကို မုံရွာမြို့၊ မြစန္ဒာခန်းမတွင် မေ ၉ ရက်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"လူထုဗဟိုပြုစီမံကိန်းဆိုတာက ပြည်သူလူထုဟာ စီမံကိန်းကို ကိုယ်တိုင်ရွေးချယ်၊ ကိုယ်တိုင်လုပ်ဆောင်ပြီး ရလာတဲ့အသီးအပွင့်ကို ကိုယ်တိုင်ခံစားရမယ့် စီမံကိန်းဖြစ်ပါတယ်။ လူထုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့ စီမံကိန်းပါ။"ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောသည်။

ယင်းနှစ်မြို့နယ်အား ရွေးချယ်ရာတွင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျနေသည့် မြို့နယ်များကို ဦးစားပေး ရွေးချယ်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၃ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပင်လည်ဘူး၊ ဗန်းမောက်၊ မြောင်မြို့နယ်တို့အား လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ယင်းစီမံကိန်းမှ ကျေးလက်နေပြည်သူများအတွက် အဓိကကျသော အခြေခံအဆောက်အဦးနှင့် ဝန်ဆောင်မှုများကို လူထုဗဟိုပြုပြီး အလွယ်တကူအသုံးပြုနိုင်စေရန် ထောက်ပံ့ပေးမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly