ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ ရခိုင်အမျိုးသားနေ့ကျင်းပမည်

ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ ရခိုင်အမျိုးသားနေ့ကျင်းပမည်
Photo- CJ

(၄) နှစ်မြောက် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ မေလ ၁၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မေလ ၁၁ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးရာအစားအသောက်များရောင်းချပွဲ၊ ရခိုင်ဒေသထွက် ပစ္စည်းများကိုရောင်းချခြင်း၊ ရခိုင်စာအုပ်စာပေများအား ရောင်းချခြင်းများအပြင် ရခိုင်သမိုင်းနှင့် ရခိုင်စာပေပညာရှင်များကလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ခေါင်းစဉ်ဖြင့်   ဟောပြောမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

“လူမျိုးတိုင်း လူမျိုးတိုင်းမှာ အမျိုးသားနေ့ဆိုတာရှိတယ်။ အရင်က ရခိုင်မှာစည်းလုံညီညွတ်မှု အားနည်းတဲ့ အတွက် အမျိုးသားနေ့ဆိုတာမဖြစ်ခဲ့ဘူး။ သူများကိုအားကိုးတဲ့ နိုင်ငံရေးလောကက ပိုပြီးတော့အားကြီးခဲ့တယ်။ ကိုယ့်အားကိုမကိုးပဲ သူများနောက်ကိုလိုက်တဲ့ နိုင်ငံရေးလောက အားကြီးခဲ့တယ်။ အဲဒါကြောင့် ရခိုင်အမျိုးသာနေ့ကို မဖေါ်ထုတ်ပဲ တစ်နိုင်ငံလုံးအမျိုးသားနေ့ကို ပိုပြီးအားသန်ကာ လုပ်ဆောင်ခဲ့ကြတဲ့အတွက် ကျွန်တော်တို့ ရခိုင်အမျိုးသာနေ့ဆိုတာ မပေါ်ပေါက်ခဲ့ဘူး ”ဟုဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်အမျိုးသာနေ့ကို ကဆုန်လပြည့်ကျော် ၁ ရက်နေ့အဖြစ် ၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားညီလာခံမှ သတ်မှတ်အတည်ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကာ ယင်းနေ့မှာ မဟာမုနိဘုရားကို သွန်းလုပ်ပြီးစီးသည့် နေ့လည်းဖြစ်သည်။

“ရခိုင်အမျိုးသားနေ့ကို ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ရခိုင်တိုင်းရင်းသား အချင်းချင်း တစ်ယောက် ကိုတစ်ယောက် လေးစားအောင် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မူရရှိအောင် ရခိုင်ရိုးရာယဉ်ကျေးမူများ သိရှိစေရန်အတွက် ကျင်းပရခြင်းဖြစ်တယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်အမျိုးသားနေ့ အခမ်းအနားကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များအပါအဝင် ရန်ကုန်နှင့် တစ်ခြားပြည်ပ နိုင်ငံတစ်ချို့တွင်လည်း ကျင်းပလာခဲ့ကြကာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခုကျရောက်မည့် (၄) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အခမ်းအနားကို (၃) ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း လည်းသိရသည်။

အမျိုးသားကဇာတ်ရုံတွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ရွှေမောင်းတန်း ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်းနှင့် ငွေမောင်းတန်း ပထမဆု ၄ သိန်း၊ ဒုတိယဆုကို ၃ သိန်းစီ ဆုချီးမြင့်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly