ဘဲရကျေးရွာတွင် အရေးပေါ်ဆေးခန်းသို့ လာရောက်ပြသူ ၆၅ ဦးအနက် ၃၅ ဦးမှာ သွေးလွန်တုပ်ကွေးပိုး တွေ့ရှိ

ဘဲရကျေးရွာတွင် အရေးပေါ်ဆေးခန်းသို့ လာရောက်ပြသူ ၆၅ ဦးအနက် ၃၅ ဦးမှာ သွေးလွန်တုပ်ကွေးပိုး တွေ့ရှိ
ဓါတ်ပုံ - ပြည်ချစ်/RiA

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဘဲရကျေးရွာ၌ ကူးစက်ဝမ်းရောဂါများ ဖြစ်ပွားနေသည့် အတွက် ကျန်းမာရေးဌာနမှ အရေးပေါ်ဆေးခန်းဖွင့်လှစ်ကာ ဆေးကုသမှုများပြုလုပ်လျှက်ရှိပြီး လာရောက်ပြသသူ ၆၅ ဦးအနက် ၃၅ တို့မှာ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိကြောင်းသိရသည်။

လက်ရှိတွင် ဘဲရကျေးရွာ၌ ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် တချို့လူနာများမှာ ဖျားခြင်း၊ ကိုယ်ခန္ဓာအရေပြာပေါ်တွင် အနီရောင်အစက်များထွက်ခြင်း၊ အော့အန်ခြင်းစသည့် ဝေဒနာများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

“အခုတော့ ဘာမှစိုးရိမ်စရာ မလိုတော့ပါဘူး။ အခြေအနေတော့ အားလုံးကောင်းသွားပါပြီ။ အတည်တော့ မထုတ်ရသေးပါဘူး။ အတည်ပြုပြီးတဲ့အခါမှပဲ ပြောလို့ရမယ်ပေါ့။ ဒါပေမဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်း ဆေးခန်းသွားဖွင့်တယ်။ ပညာပေးတယ် စသည်ဖြင့်ပေါ့ ”ဟု ၎င်းကျေးရွာသို့ သွားရောက်ဆေးကုသနေသည့် ကျန်းမာရေးရေး ဝန်ထမ်း တစ်ဦးဖြစ်သူ ဦးအေးသန်း (HA1) ကပြော သည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၁၄၈ ဆောင်ရှိပြီး လူဦးရေ ၈၇၅ ဦးခန့်ရှိကာ ဝမ်းရောဂါနှင့် တခြားဝေဒနာများ ကူးစက်ခံနေရသူပေါင်း ၁၀၀ ကျော်ခန့်ရှိကြောင်းသိရကာ ကျေးရွာအတွင်း ကျန်းမာရေးဌာနမှ သွားရောက် ဆေးကုသပေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

၎င်းရောကဂါများမှာ ရေကြောင့်စတင်ဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာအတွင်းသောက်သုံးရေးများအား စနစ်တကျ ထားရှိရန်နှင့် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ၂၉ အိမ်တွင် ရောဂါဖြစ်ပွားစေနိုင်သည့် ပိုးမွှားများတွေ့ရှိရသည့် အတွက် ဆေးခပ်ခြင်း၊ အသိပညာပေးခြင်း၊ ဆေးဖြန်းခြင်းများကိုပြုလုပ်ပေးလျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly