၂၅ ပွဲဆက်မရှုံးသေးတဲ့မန်ယူကို ရှုံးပွဲတွေ့စေခဲ့တဲ့ အာဆင်နယ်

၂၅ ပွဲဆက်မရှုံးသေးတဲ့မန်ယူကို ရှုံးပွဲတွေ့စေခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂၅ ပွဲဆက်မရှုံးသေးတဲ့ မန်ယူအသင်းကို အမ်းမရိတ်စ်မှာ ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ရှုံးပွဲတွေ့စေခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက်ဂိုးတွေကိုတော့ ပွဲချိန် ၅၄ ဇာခါနဲ့ ၅၇ မိနစ်မှာ ဒန်နီဝဲလ်ဘက်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

မန်ယူအသင်းက အဆင့် ၅၊ တစ်ပွဲလျော့နေတဲ့ အာဆင်နယ်က အဆင့် ၆ မှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပေမယ့် နှစ်သင်းကြား အမှတ်ကွာဟချက်က နှစ်မှတ်ပဲ ကွာပါတော့တယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအနေနဲ့ မန်ယူနည်းပြမော်ရင်ဟိုကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရခဲ့တာ လည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပရီးမီးယားလိဂ်မှာ ၁၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ မော်ရင်ဟိုက ၅ ကြိမ်နိုင်၊ အာစင်ဝင်းဂါးက တစ်ကြိမ်နိုင်ပြီး ၇ ပွဲသရေကျခဲ့ပါတယ်။

ဒီပွဲအပြီးမှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ရဲ့ပွဲတွေကို အနိုင်ရချင်ပါတယ်။ တချို့အသင်းတွေက စိတ်ချရတဲ့အနေအထားရောက်ဖို့ ဆက်ကစားကြရဦးမယ်။ ကျွန်တော်တို့ရဲ့ ပွဲတွေကို အနိုင်ရဖို့ အာရုံစိုက်ကြပါစို့။ နိုင်ပွဲတိုင်းက အရေးပါပါတယ်။ ကျွန်တော်တို့ရဲ့ မကောင်းခဲ့တဲ့ရလဒ်တွေကို ပြန်ကုစားရပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုကတော့ “ကျွန်တော်တို့ အခွင့်အရေး ၈ ကြိမ်ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်မရနိုင်ဘူးဆိုတာလည်း သိထားပါတယ်။ ဆုံးဖြတ်ချက်တစ်ခုရှိပါတယ်။ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ကြိုးစားချင်ပါ တယ်။ အဲဒါက အဆင့် ၄ အတွင်းဝင်ဖို့ထက် ပိုအရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၁ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ မန်ယူကို ပရီးမီးယားလိဂ် နှစ်ပွဲဆက် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly