လက်လုပ်မိုင်း ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား၂ ဦး သေဆုံးမှုအား စစ်ဆေးနေ

လက်လုပ်မိုင်း ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား၂ ဦး သေဆုံးမှုအား စစ်ဆေးနေ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

မေလ ၈ ။            ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနောက်ဘက် တောစပ်အနီး၌ မေ ၄ ရက် ညနေ ၅နာရီ မိနစ်၅၀ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသား၂ ဦးသေဆုံးကာ အမျိုးသား ၃ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု နိုင်ငံတော်အတိုင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

သတင်းများအရ ဆာကိုင်းကျေးရွာနေ နိုအာလောင် အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး တင်းမေကျေးရွာနေ ရှောင်ရှူးအာလောင် အပါအဝင် ၃ ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့မှာ တောစပ်အတွင်း လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၅ ရက်နေ့မှစတင်၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာအား စစ်ဆေးရှင်းလင်းရာ မေလ ၇ ရက်နေ့မွန်းလွဲပိုင်းတွင် သဲနီကျေးရွာ အနောက်ဘက် တောစပ်အတွင်း   ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာ၌ ပလပ်စတစ်ဖြင့် ထည့်ထားသည့် ယမ်း၊ ကန့်၊မီးသွေးမှုန့် အသင့်ရောစပ်ထားသော ၅ပြည်ခန့်ရှိ အထုပ် ၁ ထုပ်၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုမည့် မီးသွေး၊ယမ်းမှုန့် ၂ ထုပ်၊ ကားပစ္စတင်ခွံ ၁၀ ခု၊ မိုးကာမြေယာခင်း ၅ချပ်၊ မီးလောင်ထားသည့် ရှပ်အကျီႋ ၁ ထည်နှင့် မိုးကာစ ၁ ချပ်၊ခြင်ထောင် ၄ လုံး၊ စောင် ၂ထည်တို့အား သိမ်းဆည်းရမိခဲ့ပြီး ရှင်းလင်းထားသည့်မြေနေရာ ၂ နေရာ ကိုလည်းတွေ့ရှိခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်း ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးသူ၊ ဒဏ်ရာရှိသူများနှင့် ပါဝင်ပတ်သက်သူများအား ဆက်လက် စုံစမ်းရှာဖွေလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly