ပေါက်တောမြို့နယ်် ဘဲရကျေးရွာတွင် လူဦးရေ ၁၀၀ ကျော်ခန့် ဝမ်းရောဂါကူးစက်မှု ဖြစ်ပွားနေ

ပေါက်တောမြို့နယ်် ဘဲရကျေးရွာတွင် လူဦးရေ ၁၀၀ ကျော်ခန့် ဝမ်းရောဂါကူးစက်မှု ဖြစ်ပွားနေ

ပေါက်တော၊ မေ ၈ ။           ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဘဲရကျေးရွာတွင် လူ ၁၀၀ ကျော်ခန့်မှာ အော့အန်ခြင်း၊ ဖျားနာခြင်းများနှင့် ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် ဧပြီလ ၂၃ရက်ခန့်က စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း၊ အဖျားနာခြင်း၊ အော့အန်ခြင်းများ အပြင်းအထန်ဖြစ်ပွားလျှက်ရှိနေပြီး ယင်းကျေးရွာတွင်း အချိန်မီဆေးကုသရန် ဆေးခန်းမရှိသည့်အတွက် ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုနှုန်းမှာ လျင်မြန်မြင့်မားလာနေကာ ကူးစက်မှုများမှာလည်း မြင့်တက်လျှက်ရှိနေကြောင်း သိရသည်။  

“ဖြစ်တာကတော့ ဝမ်းလျှောတယ်၊ ဝမ်းပျက်တယ်၊ ဖျားတယ်၊ အော့အန်တယ်ပေါ့။ ချမ်းသာတဲ့သူတွေဆိုရင် ရောဂါဖြစ်တာနဲ့ ချက်ချင်း မြို့ပေါ်တက်ပြီးတော့ ဆေးကုလိုက်ကြတယ်။ ဆေးရုံက ရွာနဲ့အလှမ်းဝေးတော့ ဆင်းရဲသားတွေအတွက် သွားလာရေး အခက်ခဲရှိနေတယ်။”ဟု ဘဲရကျေးရွာ ဥက္ကဌ ဦးထွန်းလင်းမောင်က မဇ္ဈိမသို့ပြောသည်။

ဖြစ်ပွားသည့်ရောဂါမှာ သွေးလွန်တုတ်ကွေးရောဖြစ်ပြီး ယခုကာလမျာ ရာသီအကူးအပြောင်း ဖြစ်သောကြောင့် သိုလှောင်ထားသည့် ရေများမှတစ်ဆင့် ကူးစက်မှုဖြစ်ပွားရခြင်းဖြစ်ပြီး လူနာများမှာ အသက် ၂ နှစ်မှ ၃၆ အထိ ကလေးငယ်များ ဖြစ်ပွားလျှက်ရှိကာ ပြည်နယ်ကျန်းမာရေးဌာနမှ ဆေးဝါးကုသမှုများကို ဆောင်ရွက်လျှက်ရှိကြောင်း လည်း သိရသည်။

“ကျွန်တော်တို့ ဆေးကုတဲ့အထဲ ပထမ ၇ ဦးကို သွေးစစ်လိုက်တာကိုမှ သွေးလွန်တုတ်ကွေးဖြစ်နေပြီး။ အဲဒီတော့ ဖျားတာရှိတယ်။ သွေးလွန်တုတ်ကွေးဖြစ်တာပါ။ ဒါပေမဲ့ စိုးရိမ်စရာမရှိတော့ဘူး။ ကျွန်တော်တို့ ဆေးကုတဲ့အဖွဲ့ရယ် ခြင်ဆေးဖြန်းမယ့်အဖွဲ့တွေ အဲဒီကိုရောက်နေပါပြီ” ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းလှိုင်က ပြောသည်။

ဘဲရကျေးရွာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကျေးလက်ဆေးပေးခန်း မရှိခြင်းတို့ကြောင့် ပေါက်တော မြို့ပေါ်သို့ တက်ရောက်ဆေးဝါးကုသမှု ခံယူရန်မှာလည်း ငွေကြေးအခက်အခဲများ ရှိခြင်းတို့ကြောင့် ယခုကဲ့သို့ လူအများအပြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယခုဖြစ်ပွားနေခြင်းမှာ ဘဲရကျေးရွာတစ်ခုတည်းတွင် မဟုတ်ဘဲ တစ်ခြားကျေးရွာများ၌လည်း ဖြစ်ပွားလျှက်ရှိကြောင်း   ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly