ပရီးမီးယားလိဂ်ဖလားက ချယ်လ်ဆီးအလုံးစုံပြုပြင်ပြောင်းလဲရေး၏ စတင်မှုတစ်ခုသာဖြစ်သည်ဟု ကွန်တီယုံကြည်

ပရီးမီးယားလိဂ်ဖလားက ချယ်လ်ဆီးအလုံးစုံပြုပြင်ပြောင်းလဲရေး၏ စတင်မှုတစ်ခုသာဖြစ်သည်ဟု ကွန်တီယုံကြည်

မေ ၈၊ လန်ဒန်။        ။ ပရီးမီးယားလိဂ်ဖလားရခြင်းက ၎င်း၏ချယ်လ်ဆီးအသင်းအလုံးစုံပြုပြင်ပြောင်းလဲရေး၏ စတင်မှုတစ်ခုသာဖြစ်သည်ဟု နည်းပြ အန်တိုနီယို ကွန်တီက ပြောသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ယနေ့ညတွင် မစ်ဒယ်ဘရော့ကိုလည်းကောင်း၊ သောကြာနေ့တွင် ဝက်စ်ဘရွန်းကိုလည်းကောင်း အနိုင်ရပါက ပရီးမီးယားလိဂ်ဖလားကို အီတလီလူမျိုးက စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည်ဆောင်ယူပေးနိုင်မည်ဖြစ်သည်။

ကွန်တီအနေဖြင့် ချယ်လ်ဆီးအသင်းကို ၎င်းစိတ်ကြိုက်ပုံသွင်းရန်အတွက် နွေရာသီတွင် ငွေကြေးသုံးစွဲမှုများပြုလုပ်မည်ဖြစ်သည်။

“ကျွန်တော်တို့ စပ်ကူးမတ်ကူးကာလမှရောက်နေတာ သေချာပါတယ်။ သမိုင်းရေးထိုးခဲ့တဲ့၊ အသင်းရဲ့သမိုင်းတွင်ခဲ့တဲ့ ထိပ်တန်း ကစားသမားအတော်များများကို ကျွန်တော်တို့ဆုံးရှုံးနေပါတယ်။

ဒီရာသီမှာ အိုင်ဗန်နိုဗစ်၊ မီကယ်တို့ကို ကျွန်တော်တို့ဆုံးရှုံးခဲ့ရပြီး နောက်ရာသီမှာ တယ်ရီကိုဆုံးရှုံးရတော့မယ်။ ဇန်နဝါရီ ဈေးကွက်တုန်းက ကျွန်တော်တို့ရောင်းလိုက်တဲ့ အော်စကာကိုလည်း မမေ့ပါနဲ့။

အခုလည်း နွေရာသီမှာ ဒီယေဂိုကော်စတာ တရုတ်ကိုပြောင်းလုနီးပါးဖြစ်နေတဲ့ ပြဿနာကို ရင်ဆိုင်ရအရမ်းခက်တယ်။ အဲဒီပြဿနာအကြောင်းကို ကျွန်တော်မစဉ်းစားချင်ဘူး။

လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ချင်ပြီး ကြုံလာမယ့်အခြေအနေတိုင်းကိုရင်ဆိုင်ဖို့နဲ့ မှန်မှန်ကန်ကန်ဖြေရှင်းဖို့အတွက်ပဲ ပြင်ဆင်ထားပါတယ်”ဟု ကွန်တီက ပြောသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်နွေရာသီတွင်အသင်းအင်အားဖြည့်တင်းရန်အတွက် ကစားသမားခြောက်ဦးခန့်ထိ ခေါ်ယူ ဖွယ်ရှိနေသည်။

“ကျွန်တော်တို့တည်ဆောက်နေတာလို့ တွေးပါတယ်။ ဒီရာသီမှာ စတင်တည်ဆောက်နေတာပါ။ အောင်ပွဲရခဲ့ရင် ကျွန်တော်တို့ အတွက် ခမ်းနားတဲ့အောင်မြင်မှုတစ်ခုဖြစ်မှာပါ။

စတင်တည်ဆောက်ချိန် တစ်ရာသီအတွင်းမှာ အောင်ပွဲရဖို့ အရမ်းခက်ပါတယ်။ လက်ရှိအချိန်မှာကျွန်တော်တို့ အခြေခံအုတ်မြစ် ကောင်းတစ်ခုဖန်တီးတည်ဆောက်ဖို့ ကြိုးစားနေပြီး အဲဒါက ချယ်လ်ဆီးအသင်း အမြဲတမ်းချန်ပီယံလိဂ်အတွက် ပြိုင်ဆိုင်ရဖို့ ဖြစ်ပါတယ်”ဟု ကွန်တီက ဆိုခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly