ရိုးမားအတွက် နှစ် ၁၀၀ နီးပါးအတွင်းမရသေးသည့် ဂိုးအရေအတွက်ကို ဒီဇီကိုရရှိ

ရိုးမားအတွက် နှစ် ၁၀၀ နီးပါးအတွင်းမရသေးသည့် ဂိုးအရေအတွက်ကို ဒီဇီကိုရရှိ

မေ ၈၊ ရောမ။        ။ ရိုးမားအသင်းမှ ဘော့စနီးယားတိုက်စစ်မှူး ဒီဇီကိုသည် ရိုးမားကစားသမားတစ်ဦး နှစ် ၁၀၀ နီးပါးအတွင်းမရဖူးသေးသည့် ဂိုးအရေအတွက်ကို ရှရှိခဲ့ပြီဖြစ်သည်။

မန်စီးတီးတိုက်စစ်မှူးဟောင်းသည် ၂၀၁၅ တွင် အီတလီစီးရီးအေကလပ် ရိုးမားအသင်းနှင့်စာချုပ်ချုပ်ဆိုခဲ့ပြီး လက်ရှိရာသီတွင် ၁၉၃၀ ပြည့်လွန်နှစ်များနောက်ပိုင်း မမြင်ရတော့သည့် ရိုးမားကစားသမားတစ်ဦး၏ စီးရီးအေသွင်းဂိုးအရေအတွက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် ဒီဇီကိုသည် တနင်္ဂနွေနေ့က အေစီမီလန်နှင့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ရာ စီးရီးအေသွင်းဂိုး ၂၇ ဂိုး ပြည့်သွားခဲ့သည်။

ယင်းအရေအတွက်မှာ စီးရီးအေဂိုးသွင်းအများဆုံးကစားသမားဖြစ်ရန်လုံလောက်သည့်အရေအတွက်ဖြစ်သကဲ့သို့ ၁၉၃၄-၃၅ ရာသီနောက်ပိုင်း စီးရီးအေတစ်ရာသီအတွင်း ရိုးမားကစားသမားတစ်ဦးသွင်းယူသည့် အများဆုံးဂိုးအရေအတွက်လည်းဖြစ်သည်။

ရိုးမားအသင်းအတွက် ၁၉၃၄-၃၅ ရာသီတွင် အန်းနရစ် ဂူအီတာက စီးရီးအေသွင်းဂိုး ၂၇ ဂိုးသွင်းယူခဲ့ဖူးသည်။ ၂၀၁၆-၁၇ စီးရီးအေဘောလုံးရာသီအတွက် ဂိုးသွင်းအများဆုံးကစားသမားစာရင်းကို ဒီဇီကိုက ၂၇ ဂိုးဖြင့်ဦးဆောင်နေပြီး ဒုတိယနေရာတွင် တိုရီနိုမှ ဘယ်လော့တီက ၂၅ ဂိုး၊ တတိယနေရာတွင် ဂျူဗင်တပ်မှ ဟီဂူအင်၊ အင်တာမှ အိုင်ကာဒီ၊ နာပိုလီမှ မာတန်းစ်တို့က ၂၄ ဂိုးဖြင့် ရပ်တည်နေကြသည်။

ရိုးမားအသင်း သည် အေစီမီလန်ကို ၄-၁ ဂိုးဖြင့်နိုင်လိုက်သဖြင့် သုံးပွဲကစားရန်ကျန်သေးချိန်တွင် တတိယနေရာမှ နာပိုလီကိုတစ်မှတ်ဖြတ်ပြီး ဇယားထိပ်မှ ဂျူဗင်တပ်နှင့် ခုနစ်မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာတွင်ရပ်တည်နိုင်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly