မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကဒ်များကို အထောက်အထားမလိုဘဲ လိုသလောက်ဝယ်၍ ရနေ

မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကဒ်များကို အထောက်အထားမလိုဘဲ လိုသလောက်ဝယ်၍ ရနေ

ရန်ကုန် ၊ မေ   ၆ ။              ။ ဆင်းကဒ်များဝယ်ယူလျှင် မှတ်ပုံတင်ရန် အစိုးရက အမိန့်ထုတ်ထားသော်လည်း ဈေးကွက်ထဲတွင် မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကဒ်များကို အထောက်အထားမလိုဘဲ လိုသလောက် ဝယ်ယူ၍ရနေသည့် တရားမဝင်ဈေးကွက်ပေါ်ပေါက်နေသည်ဟု ဆင်းကဒ်ဝယ်ယူသူအချို့က ပြောသည်။
 
မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကဒ်များကို တရားမဝင်ကိုယ်စားလှယ်တွေက ရန်ကုန်မြို့ နေရာအနှံ့မှာ ရောင်းချနေပြီး ဆင်းကဒ်တစ်ကဒ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အထိ ပေါက်ဈေးရှိကြောင်း ၊ မည်သည့်သက်သေအထောက်အထားမှ မလိုတော့ဟု ဆင်းကဒ်ဝယ်ယူသူများက ဆိုသည်။

ထိုသို့ တရားမဝင်ဝယ်ယူခြင်းမှာ သုံးစွဲသူများက ကိုယ်တိုင် မှတ်ပုံတင် မပြုလုပ်ချင်သူများလည်း ပါဝင်ပြီး သက်ဆိုင်ရာတယ်လီကွန်မှ တရားဝင်ဝန်ထမ်းမဟုတ်သူများထံက ဝယ်ယူနေကြခြင်းဖြစ်ကာ ၎င်းတို့က တရားမဝင် ဆင်းကဒ်ဒိုင်ဆီက ယူရောင်းနေခြင်းဖြစ်သည်ဟု ဆင်းကတ်ရောင်းချသူတစ်ဦးက ပြောသည်။

"Sim Card ဖြန့်တဲ့ ဒိုင်တွေဆီက မှတ်ပုံတင်ပြီးသားပဲ ။ ရွေးဝယ်လိုက်တယ်။ ရောင်းတဲ့နေရာမှာ မှတ်ပုံတင်ပြီးသားဆိုတော့ ပစ္စည်းပေးလိုက်တယ်။ ပိုက်ဆံယူလိုက်တယ်။ မှတ်ပုံတင်လုပ်ဖို့ စာရွက်စာတမ်းတွေဖြည့် ၊မိတ္တူကူးရတာတွေ အလုပ်မရှုပ်ချင်ကြသူတွေကြောင့် မှတ်ပုံတင်ပြီးသား Sim Card တွေကိုပဲ ယူ ရောင်းတယ်"၎င်းက ပြောသည်။

မြန်မာနိုင်ငံအစိုးရက သုံးစွဲသူကိုယ်တိုင်၏ အချက်အလက်များဖြင့် ဆင်းကဒ်များ မှတ်ပုံတင်ခြင်းပြုလုပ်၍ အကြမ်းဖက်မှုများ တားဆီးနိုင်ရန်နှင့် Facebook ပေါ်က အမုန်းစကားများကို တားဆီးနိုင်ရန်အတွက် ရည်ရွယ်ဟန်ရှိသော်လည်း  အခြားသူတစ်ယောက်၏ အချက်အလက်များပါသော တရားမဝင် မှတ်ပုံတင်ပြီးဆင်းကဒ်များကို ရန်ကုန်မြို့၊ ပလက်ဖောင်း၊လက်ဖက်ရည်ဆိုင်နှင့် မြို့ပတ်ရထားပေါ်များတွင် ပေါ်ပေါ်ထင်ထင်ရောင်းချနေသည်ကို မြင်တွေ့ရသည်။

ဆင်းကဒ်အား မှတ်ပုံတင်ထားသူ မည်သူမည်ဝါမသိဘဲ မှတ်ပုံတင်ပြီးသားSim Cardများကို ရောင်းချနေခြင်းသည် အစိုးရ၏လုံခြုံရေးအရဆောင်ရွက်နေသည့်စီမံကိန်းကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းဟု လွှတ်တော် ကိုယ်စားလှယ်ဦးနေဘုန်းလတ်က ပြောဆိုလိုက်သည်။

"မှတ်ပုံတင်ပြီးသားဖြစ်တယ်။ အပြင်မှာ ဒီအတိုင်း လွယ်လွယ်ကူကူ ဝယ်လို့ရတယ် ဆိုရင်တော့ အစိုးရက ညွှန်ကြားချက်ထုတ်ထားရက်သားနဲ့ တစ်ဖက်မှာ ဒီလိုလုပ်တာဟာ အစိုးရရဲ့လုံခြုံရေးအရ ဆောင်ရွက်နေတဲ့စီမံကိန်းကို ဖျက်လိုဖျက်ဆီးလုပ်တာ ဖြစ်တယ်။ ဒါကို တယ်လီဖုန်းကုမ္ပဏီတွေအနေနဲ့ သတိထား သင့်တယ်။ ဖုန်းကဒ်တွေကို တစ်ကယ်သုံးတဲ့ သူတွေလား။ သူ့ရဲ့နေရပ်လိပ်စာနဲ့ တကွဖြစ်မှ နောက်နောင် ရာဇဝတ်မှုတွေ ဖြစ်ရင် လိုက်ရတာ ပိုလွယ်မှာပေါ့" ဟု ဦးနေဘုန်းလတ်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တယ်လီနောမြန်မာ ပြန်ကြားရေးဌာနမှ ကိုအဲလက်စ်က မှတ်ပုံတင်ပြီးသား ဆင်းကတ်များရောင်းချနေခြင်းသည် ၎င်းတို့၏ တရားဝင် ကိုယ်စားလှယ်များ မဟုတ်ဟု ငြင်းဆိုသည်။

တရားမဝင် ဆင့်ပွားရောင်းချသူတွေက လုပ်နေခြင်းဖြစ်သည်ဟု ဆိုခဲ့ပြီး  တယ်လီနောအနေနှင့် ယင်းပြသနာ ကိုဖြေရှင်းဖို့လိုအပ်သည့် ပြသနာအဖြစ်ယူဆထားပြီး တယ်လီနောတစ်ခုတည်း   ဖြေရှင်း၍မရဘဲ သက်ဆိုင်ရာဝန်ကြီးဌာန၏အကူအညီနှင့် ဖုန်းအော်ပရေတာများစုပေါင်းပြီး တဆင့်ချင်းဖြေရှင်းမှရမည် ဟု ဆိုသည်။

"လူတစ်ယောက်တည်းက မှတ်ပုံတင်အများကြီးလုပ်လို့ ရနိုင်တယ်။ နောက်ပိုင်းတော့ အော်ပရေတာတွေ အားလုံး အစိုးရဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။ အစိုးရရဲ့အကူအညီလည်း လိုအပ်မယ်ထင်ပါတယ်"  ဟု တယ်လီနောမြန်မာမှ ကိုအဲလက်စ်က ပြောသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ယခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပြီး မှတ်ပုံတင် ပြုလုပ်ခြင်းမရှိသည့် SIM Card များကို ပိတ်ပစ်မည်ဟု ကြေညာခဲ့ပြီး ဆင်းကဒ်မှတ်ပုံတင်သည့်ကာလမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly