ရှမ်းလူထုု၏ ဘုံသဘောတူညီချက်ရရှိရေးနှင့် အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် CSSU အစည်းအဝေးမှ ဆုံုးဖြတ်

ရှမ်းလူထုု၏ ဘုံသဘောတူညီချက်ရရှိရေးနှင့် အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် CSSU အစည်းအဝေးမှ ဆုံုးဖြတ်

မေလ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။            ။ ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU)က လာမည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဆွေးနွေးမည့် ရှမ်းလူထုတစ်ရပ်လုံး၏ ဘုံသဘောတူညီချက် ရရှိရေး လူထုဆန္ဒသဘောထားများ ဆက်လက် ကောက်ယူရန်နှင့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး အပါအဝင် အချက် ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

မေလ ၄ ရက်နှင့် ၅ ရက် နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေးတွင် ၄နှစ်အတွင်း ဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခဲ့ပြီး လက်ရှိ တာဝန်ယူနေသူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNLD) ဦးခွန်ထွန်းဦးမှ လာမည့် တစ်နှစ်သာ သက်တမ်းအတွက် CSSU ဥက္ကဌ ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို တာဝန်လွဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

“CSSU အနေနဲ့ ရှမ်းပြည်သူညီညွတ်ရေးတခုတည်းမဟုတ်ဘဲ။ ရှမ်းပြည်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အကုန်လုံးနဲ့ ညီညွတ်နိုင်ဖို့၊ ပြီးတော့ ဘုံသဘောတူညီချက် ရှမ်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ဘယ်လို ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမလည်းဆိုတာကိုလည်း နည်းလမ်းရှာသွားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု CSSU မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က သတင်းထောက်များကို ပြောသည်။

သူက ဆက်လက်၍ “ကျွန်တော်တို့ CSSU အနေနဲ့ လာမည့် ၂၁ ရာစုပင်လုံညီလာခံမှာ အပြီးသတ်ဆွေးနွေးနိုင်အောင် ကျနော်တို့ရဲ့ ဘုံသဘောတူ ညီချက်ရအောင် လူထုနဲ့ ထပ်မံ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ပထမတကြိမ်တော့ ကွင်းဆင်းပြီးပြီ၊ အသံများ စုဆောင်းပြီးပါပြီ။ ဒါပေမဲ့စိတ်တိုင်းကျမဖြစ်သေးလို့ နောက်တကြိမ် ဗိုလ်ချုပ်ကြီး ယွက်ဆစ် တာဝန်ယူထားတဲ့အချိန်မှာ လူထုနဲ့တွေ့ဆုံဖို့ ရှိပါတယ်”ဟု ပြောဆိုသည်။

လာမည့် မေလ ၂၄ ရက်နေ့ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံ ညီလာခံ မတိုင်မီ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် RCSS တို့အကြား ဆက်လက် ညှိနှိုင်းဆွေးနွေးနေသည်ဟု စိုင်းလိတ်က ပြောသည်။

တိုင်းရင်းသားတန်းတူရေးနှင့် စစ်မှတ်သော ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတည်ဆော်ကရာတွင် ရှမ်းတစ်မျိုးသားလုံး၏ ဆန္ဒအတိုင်း ပြည်သူလူထု တရပ်လုံးနှင့်အတူ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမား၊ နိုင်ငံရေးပါတီများ တစ်စုတစည်းတည်း ညီညွတ်စွာ စုပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမအကြိမ် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအပြင် ကချင်၊ ကယား၊ စစ်ကိုင်တိုင်း၊ မန္တလေး စသည် တိုင်းနှင့် မြို့နယ် ၄၅ မြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံ၍ ဆန္ဒသဘောထားများ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသားအချင်းချင်းအကြား အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်ရေးနှင့် အမျိုးသား ရင်ကြားစေရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရနေဖြင့် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု CSSU က ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူမျိုးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ပြည်ထောင်စုကြီးအတွက်ကို ဆွေးနွေးကြတော့ မယ်ဆိုရင် အမျိုးသားရင်ကြားစေရေးကို လုပ်တဲ့နေရာမှာ ကြီးသည်ငယ်သည် မခွဲခြားဘဲ တန်းတူဆက်ဆံဖို့ လိုအပ်တယ်။ လက်ရှိ အစိုးရအနေနဲ့ တပ်မတော်နဲ့ အစိုးရ ရင်ကြားစေရေးကိုသာ ကြိုးပမ်းနေတယ်။ တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေရေးလုပ်ဖို့ လက်နည်းနေတဲ့ ပုံစံမျိုး လက်နည်းနေတဲ့ ပုံစံမျိုး သိပ်ပြီး အရေးမယူတာ တွေ့ရလို့ အခုလို ကြေငြာချက်မှာ ပထမဆုံး ဖော်ပြလိုက်တာ ဖြစ်ပါတယ်”ဟု စိုင်းလိတ်က ပြောသည်။

ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုတဝှမ်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထုတစ်ရပ်လုံး၊ အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် UNODCတို့နှင့် ပူးပေါင်း၍ လူထုအကြား အသိပညာပေးခြင်းများ၊ စည်းရုံး ဟောပြောမှုများ ဆက်လက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောကြားခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ်နှင့် ပြည်ထောင်စု တဝှမ်းလုံး ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန်အတွက် အစိုးရမှ သဘောထားကြီးစွာဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေငြာရန် လိုအပ်ပြီး ထိုမှသာလျှင် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း သူက ထည့်သွင်းပြောကြားခဲ့သည်။

ရှမ်းပြည်နယ်တွင် အမျီုးသမီးအရေးနှင့် လူငယ်ရေးအတွက် လုပ်ဆောင်မှုများ အားနည်းနေသဖြင့် လူထုအခြေပြု အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများမှ လူငယ်အဖွဲ့(Youth Center)ဖွင့်လှစ်ပေးရန်နှင့် အမျိုးသမီး စွမ်းအင်မြှင့်တင်ရေးလုပ်ဆောင်ပေးရန်လည်း နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေးတွင် တောင်းဆိုခဲ့သည်ဟု ရှမ်းလူထုအခြေပြုအဖွဲ့အစည်းအနေဖြင့် တက်ရောက်ခဲ့သူ ယိန်းဟန်ဖက ပြောသည်။

“ကျွန်မတို့ CSSU က ရှမ်းပြည် ညီညွတ်ရေးအတွက် ကျမတို့ ဦးစားပေးခဲ့တယ်။ နောက်ပြီးတော့ ရှမ်းပြည် ညီညွတ်ရေးအပြင် နိုင်ငံရေး၊ လူမှုရေး၊ လူငယ်၊ အမျိုးသမီးအရေးနဲ့ မူးယစ်ဆေးဝါးအရေါ် အဲဒါတွေ အားလုံးက ဝိုင်းဝန်းအတူတူလုပ်ဖို့ ကျမတို့မှာ ဆန္ဒရှိကြတယ်။ နောက်တခုကြတော့လည်း ရှမ်းပြည်နယ်မှာ နိုင်ငံရေးနဲ့ စစ်ရေးက ပိုများတယ်။ CSO CBO ကတော့ ၄၊ ၅ ဖွဲ့တော့ ရှိတယ်။ ဒါပေမယ့် ကျွန်မတို့လူမှုရေးအဖွဲ့တွေ လုပ်နေတဲ့အလုပ်က ရှမ်းပြည်ညီညွတ်ရေးကို ပံ့ပိုးဖို့ ဖြစ်တယ်။ အမျိုးသမီးရေးနဲ့လူငယ်ရေးက အားနည်းနေတယ်၊ ဒါကြောင့် အမျိုးသမီးနဲ့လူငယ်တွေ အင်အား အဓိကလိုအပ်တယ်။ ကျွန်မတို့ ပူးပေါင်းပါဝင်ဖို့ ဆွေးနွေးထားကြတယ်”ဟု သူက ပြောသည်။

ထိုအစည်းအဝေးတွင် RCSS မှ ဥက္ကဌ ဒုဗိုလ်ချုပ် ယွက်ဆစ်၊ SSPP မှ နာယက ဗိုလ်ချုပ်စေထင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) (ခ) ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) (ခ) ကျားခေါင်းပါတီ  ဥက္ကဌ ဦးခွန်ထွန်းဦး ၊ SSJAC မှ ကိုယ်စားလှယ်များ၊ ရှမ်းလူထုအခြေပြုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ရှမ်းလူငယ် အဖွဲ့များ၊ မျိုးဆက်သစ် (ရှမ်းပြည်)၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) စသည့် အဖွဲ့အစည်း ၉ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၆၀ ကျော် တက်ရောက်ခဲ့သည်။

CSSUကို ၂၀၁၄ ခုနှစ် မေလ ၃ ရက်က ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမှုအဖွဲ့အစည်းများနှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီညွတ်ရေး ဆောင်ရွက်ရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNDP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ စိန်ကျော့ ပြည်သူ့စစ် အဖွဲ့၊ ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSJAC)အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly