ပရိသတ်များ စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများကို မလုပ်တော့ကြောင်း မိုင်လီဆိုင်းရပ် ပြောကြား

ပရိသတ်များ စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများကို မလုပ်တော့ကြောင်း မိုင်လီဆိုင်းရပ် ပြောကြား

နာမည်ကျော်ပေါ့ပ်အဆိုတော် မိုင်လီဆိုင်းရပ်က သူမသည် ဆေးခြောက်သုံးခြင်း၊ အရက်သောက်သုံးခြင်း၊ အဖော်အချွတ်ဒီဇိုင်းများ ဝတ်ဆင်ခြင်းတို့ကို မလုပ်တော့တာကြောင့် သူမကို ပေါ့ပ်ဂီတလောကမှ မိန်းမဆိုး လေးဟု သတ်မှတ်ထားသော ပရိတ်သတ်များ အမြင်ကြည်လင်လာမည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

Billboard မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အသက် ၂၄နှစ်အရွယ်ရှိ ဒစ်စနေးကြယ်ပွင့်ဟောင်းဖြစ်သူ မိုင်လီဆိုင်းရပ်က သူမသည် မကောင်းသောအရာများနှင့် ကင်းကင်းရှင်းရှင်း နေခဲ့ချင်ကြောင်းနှင့် ကျေးလက် ဂီတရင်းမြစ်ကို ပြန်သွားတော့မည်ဖြစ်ပြီး သီချင်းသစ်များအတွက် အာရုံစိုက်တော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်မ ဆေးခြောက်မသောက်တာ သုံးပတ်လောက်ရှိပါပြီ။ အဲ့လိုမသောက်ပဲနေတာ ဒီတစ်ခါတော့အကြာဆုံးပါပဲ မူးယစ်ဆေးဝါးလည်း မသုံးတော့ပါဘူး။ အရက်လည်း မသောက်တော့ပါဘူး။ အခုဆိုရင် အဲ့ဒီအရာတွေကနေ ခပ်ရှင်းရှင်းပဲ နေပါတယ်။ ဒီလိုပုံစံအတိုင်းပဲ ကျမနေချင်ခဲ့တာပါ” ဟု ဆိုင်းရပ်က ပြောခဲ့သည်။

ကျေးလက်ဂီတအဆိုတော် ဘီလီရေးဆိုင်းရပ်၏ သမီးဖြစ်သူမိုင်လီဆိုင်းရပ်သည် လာမည့်မေလ ၁၁ ရက်နေ့၌ Malibu ဟုအမည်ရသော သီချင်းသစ်ကို ဖြန့်ချီသွားမည်ဖြစ်သည်။ ထိုသီချင်းသည် အချစ်သီချင်းအမျိုးအစား ဖြစ်ပြီး ၂၀၁၃ခုနှစ်က လမ်းခွဲခဲ့ကာ ပြီးခဲ့သောနှစ်က ပြန်လည်လက်တွဲခဲ့သော သူမ၏စေ့စပ်ထားသောချစ်သူ လီရမ်ဟမ်းစ်ဝေါ့သ်အကြောင်း ခံစားရေးစပ်ထားခြင်းဖြစ်ကြောင်း Billboard ၏အဆိုအရ သိရသည်။

ဒစ္စနေးချန်နယ်ရှိုးမှ ထုတ်လွှင့်သည့် Hannah Montana မှစတင်၍ နာမည်ကျော်ကြားခဲ့သော မိုင်လီဆိုင်းရပ်စ် က ၂၀၁၃ ခုနှစ်မှစတင်၍ အပြစ်ကင်းသော သူမ၏ပုံစံကွယ်ပျောက်သွားခဲ့ကာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အဖော်အချွတ်များပါဝင်သော သီချင်းဗွီဒီယိုများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့မိကြောင်း ဝန်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly