နေပြည်တော်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ မီးဘေးအန္တရာယ် အချက်ပေးစနစ် ထားရှိရန် ညွှန်ကြား

နေပြည်တော်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ မီးဘေးအန္တရာယ် အချက်ပေးစနစ် ထားရှိရန် ညွှန်ကြား
နေပြည်တော်တွင် မေလ ၅ရက်က ပြုလုပ်သော (၇၁)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားတွင် မီးငြိမ်းသတ်မှုအား သရုပ်ပြနေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် မီးဘေးအန္တရာယ် တစ်စုံတစ်ခု ဖြစ်ပွားလာပါက ချက်ချင်း အချက်ပေးသည့်စနစ် တပ်ဆင်ထားရှိရန် ကောင်စီဥက္ကဌက လမ်းညွှန်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြောသည်။

အဆိုပါ မီးဘေးအန္တရာယ် အချက်ပေးစနစ်(Fire Alarm System)အား ဟိုတယ်၊ မိုတယ်များရှိ ဧည့်ကြိုကောင်တာ(Reception)တွင် ထားရှိလျှင် မီးဘေးအန္တရယ် တစ်စုံတစ်ခု ဖြစ်ပွားသည့်နှင့်တပြိုင်နက် အချက်ပေးမည်ဖြစ်သောကြောင့် အတိုင်းအတာတစ်ခုထိ အချိန်မီ ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

“နေပြည်တော်ကောင်စီဥက္ကဌကြီး(ဒေါက်တာမျိုးအောင်)က ဒါတွေကို တပ်ဆင်ဖို့ လမ်းညွှန်ချက် ပေးသွားပါတယ်” ဟု မေလ ၅ရက်က နေပြည်တော်တွင်ပြုလုပ်သည့် (၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအပြီးတွင် ဦးမြတ်သူက မဇ္ဈိမကို ပြောသည်။

“Reception လို နေရာမျိုးမှာ Pannel တစ်ခု ထားပေးမယ်ဆိုရင် အလွယ်တကူနဲ့ Alarm System လာပေးပါတယ်။ ဒီလိုနေရာက လူက ၂၄နာရီရှိပါတယ်။ အဲ့လိုနေရာမျိုးမှာ Control Pannel တစ်ခု ထားထားခြင်းအားဖြင့် ချက်ချင်း သိပြီးတော့ မီးလောင်မှုနေရာကို မီးသတ်ဆေးဗူးကိုင်ပြီး ပြေးလိုက်မယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ မီးသေးလို့ရှိရင် တခါထဲ ငြိမ်းသွားမယ်။ မီးမသေးလို့ရှိရင်လည်း မီးသတ်ကလာတဲ့အခါကျရင် ထိန်းသိမ်းတဲ့အဆင့်ဖြစ်အောင် ဒီလို System မျိုးတွေ တကယ်လိုအပ်ပါတယ်” ဟုလည်း ဦးမြတ်သူက ရှင်းပြသည်။

ထို့ကြောင့် အဆိုပါ စနစ်အား ထားရှိရန် လိုက်လံစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် ကာရာအိုကေ(KTV)ဆိုင်များတွင်လည်း အဆိုပါ စနစ် ထားရှိသင့်သည်ဟု ဦးမြတ်သူက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ဟိုတယ်အလုံးရေ ၆၃လုံးရှိပြီး ဟိုတယ်အများစုမှာ အဆိုပါ စနစ်အား ထားရှိပြီးဖြစ်သော်လည်း မိုတယ်နှင့် တည်းခိုခန်းများတွင်မူ “သူတို့မှာ အဲ့ဒါမျိုးတွေ လုပ်ထားတာ သိပ်မရှိကြဘူး။ အဲ့ဒါကြောင့် ဒါကို အဓိကထားပြီး (နေပြည်တော်ကောင်စီဥက္ကဌ)ပြောသွားတာ” ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၁၆ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေ (၁၅၈)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောင်အဦ (၅၉)လုံး မီးလောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ကျပ်သန်းပေါင်း ၁၀၈ဒဿမ ၀၁၈ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly