မေ ၃ ။ ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ပြီးခဲ့သောအင်္ဂါနေ့က ဘစ်ကားများကိုမီးရှို့ခြင်း၊ အဆောက်အဦးများကို ဖောက်ထွင်းခြင်းတို့ ဖြစ်ပွားခဲ့သော လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားရှိ ရင်ဆိုင်တိုက်ခိုက်မှုများကို ရဲများက ကြားဝင်ဖျန်ဖြေရန် ကြိုးစားခဲ့စဉ်တွင် မူးယစ်ဂိုဏ်းအဖွဲ့ဝင်ဟု သံသယရှိရသူနှစ်ဦး သေဆုံးခဲ့သည်။
ရီယိုမြို့၏ အရေးပါသောလမ်းဖြစ်သော အေဗန်နီဒါဘရာစေးလ် တစ်လျှောက်ရှိ ဆင်းရဲသားရပ်ကွက်ထဲတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအတွက် မူးယစ်ဂိုဏ်းများကို ရဲတပ်ဖွဲ့က ပြစ်တင်ဝေဖန်ခဲ့သည်။
ရဲအရာရှိသုံးဦး ဒဏ်ရာရရှိခဲ့ပြီး လူဆိုးဂိုဏ်းအဖွဲ့ဝင်ဟု သံသယရှိရသူနှစ်ဦး သေဆုံးခဲ့ကြောင်း ရီယိုဒီဂျနေးရိုး လုံခြံုရေးတပ်ဖွဲ့မှ ရောဘတ်တိုဆာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့သည် လူပေါင်း ၄၅ဦးကို ဖမ်းဆီးခဲ့ပြီး စစ်သုံးရိုင်ဖယ် ၃၂လက် သိမ်းဆီးရရှိကြောင်း သူက ဆက်ပြောခဲ့ သည်။
လက်နက်အပြည့်တပ်ဆင်ထားသော ရဲတပ်ဖွဲ့များသည် သံသယရှိရသော လူဆိုးဂိုဏ်းအဖွဲ့ဝင်များကို လိုက်လံ ဖမ်းဆီးပြီး ရပ်ကွက်အတွင်းနေထိုင်သူများ၏ နေအိမ်များ ဖောက်ထွင်းခံရခြင်းတို့အား ရပ်တန့်ရန် ကြိုးပမ်းခဲ့စဉ် တွင် တင်းမာမှုများမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ရုပ်သံမှတ်တမ်းများအရ အခင်းဖြစ်ပွားရာနေရာမှ မီးခိုးလုံးများ အလိပ်လိုက်တက်လာခဲ့ပြီး ထိုနေရာသည် ဂယ်လီယာအို အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး၌ဖြစ်ကြောင်း သိရသည်။
လူဆိုးဂိုဏ်းများကြားရှိ အကြမ်းဖက်ဖြစ်ရပ်များသည် ပြိုင်ဘက်လူဆိုးဂိုဏ်းမှ နယ်ကျော်၍ ၀င်ရောက်လာစဉ်မှ စတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲမှူးကြီးဖြစ်သူ အန်ဒရီဆေးလ်ဗားက ဂလိုဘိုရုပ်သံအား ပြောကြားခဲ့သည်။