ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့ တောင်ကုတ်မြို့တွင် ဆွေးနွေး

ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့ တောင်ကုတ်မြို့တွင် ဆွေးနွေး

တောင်ကုတ်၊ မေ ၂။           ။  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖွဲ့သည် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က တောင်ကုတ်မြို့တွင် ဒေသဆိုင်ရာ ဖွ့ံဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တောင်ကုတ်မြို့ခံများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို တောင်ကုတ်မြို့နယ်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိဆောင်ရွက်လျှက် ရှိသောလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မပြီးပြတ်သေးသည့် ကိစ္စရပ်များ၊   နောက်ထပ် ပြုလုပ်ပေးရန် လိုအပ်နေသည့် ကိစ္စရပ်များ ကို ဒေသခံများက တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဦးညီပုအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေ ဒီနေ့ တောင်ကုတ်မြို့ခံတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ သူတို့ဆွေးနွေးပွဲကို ပြုလုပ်တဲ့ ရည်ရွက်ချက်ကတော့ ဘာလဲဆိုတာကို ကျွန်တော်တို့မသိဘူး။ ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တော့ ပြောသွားကြပါတယ်။ အများကြီးပါ”ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တောင်ကုတ်မြို့ခံ ဦးဇေယျကျော်က ပြောသည်။

ယင်းအခမ်းအနားသို့ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများအပါအဝင် စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဒေသခံများဘက်မှ သိမ်းဆည်းခံမြေယာများ ပြန်လည်ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ပေးရေး၊ ပညာရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ အဓိက သိမ်းဆည်းခံထားရတဲ့ မြေယာတွေကို ပြန်လည်ပေးအပ်ဖို့ တောင်းခံထားတာနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြပါတယ်။ ပြီးတော့ ပညာရေးကျန်းမာရေး၊ ဆက်သွယ်ရေးစတဲ့ ဒေသဖွံ့ဖြိုးရေး ကဏ္ဍတွေ ကောင်းမွန်လာဖို့အတွက် လိုအပ်နေတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ကို တင်ပြခဲ့ကြပါတယ်”ဟု ဦးဇေယျကျော်က ဆက်လက်ပြောကြားသည်။

ထို့အပြင် တောင်ကုတ်ဒေသခံများ၏ တောင်းဆိုတင်ပြမှုများအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကာ အဆိုပါတွေ့ဆုံပွဲမှာ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ဂွမြို့နယ်မှစတင်ကာ ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ခရီးစဉ်တစ်ရပ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly