ချောက်၊မေ ၁ ။ ။ ရေနံမြေ အလုပ်သမားများ ဦးဆောင်ပြီး ၁၂၇ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကို မေလ ၁ ရက်နေ့က ချောက်မြို့မှာ ကျင်းပခဲ့သည်။
အလုပ်သမားများရဲ့ ပေးဆပ်ခဲ့ရသည့် အသက်၊သွေး ချွေးများကို အထိမ်းအမှတ်ပြု ပြီး ကမ႓ာ့နိုင်ငံအသီးသီးက အလုပ်သမားထုရဲ့ အင်အားကို ပြသသည့် နေ့ဖြစ်သည်ဟု သိရသည်။
"မေဒေးနေ့ဆိုတာ စက်မှုတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အလုပ်သမားလူတန်းစားရဲ့ အသက်တွေ၊သွေးတွေ၊ချွေးတွေ အသတ်ခံရတဲ့အခြေအနေအထိပေးဆပ်ခဲ့ရတဲ့ အလုပ်သမားလူတန်းစားရဲ့ ပေးဆပ်ခဲ့ရတာတွေကို အထိမ်းအမှတ်ပြု ဂုဏ်ယူရတဲ့နေ့လည်းဖြစ်ပါတယ်။ဒုတိယအချက်က ကမ္ဘာ့နိုင်ငံအသီးသီးမှာမေဒေးနေ့ကို ကျင်းပတာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အလုပ်သမားထုရဲ့ ညီညွတ်တဲ့အင်အားကို ပြသတဲ့နေ့လည်း ဖြစ်ပါတယ်"ဟု ၁၂၇ ကြိမ်မြောက် မေဒေးနေ့ ကျင်းပရေး ကော်မတီ သဘာပတိ ဦးရဲဝင်းနိုင်က ဆိုသည်။
အလုပ်သမားနေ့ အခမ်းအနား ကျင်းပနေပေမယ့် ရေနံမြေအလုပ်သမားများရဲ့ ဘဝအခြေအနေက တိုးတက်ကောင်းမွန်လာခြင်း မရှိဘူးဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံမြေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးမြင့်က ပြောသည်။
"အခြေအနေတွေက လိုပါသေးတယ၊် အရင်စနစ်အတိုင်းဘဲ ထူးထူးခြားခြား ပြောင်းလဲလာတာမတွေ့ရသေးဘူး။အိမ်တန်းလျားစနစ် ဆိုရင်လည်း နဂိုအတိုင်းဘဲ အစုတ်တွေနဲ့နေ နေရဆဲဖြစ်ပါတယ်။အဲဒါကတော့ အိမ်ယာပြင်ဆင်မှု ချပေးတာ နည်းနေသေးလို့ မြင်ပါတယ်။လုပ်ခလစာကလည်း ခေတ်နဲ့လျှော်ညီတဲ့ လုပ်ခလစာ ရရှိမှုမရှိသေးပါဘူး။လက်ရှိကုန်စျေးနှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒုန်ယင်း ဒုံရင်းလို့ပဲပြောလို့ရပါတယ်"ဟု ဦးအေးမင်းက ဆိုသည်။
ချောက်မြို့မှာ ကျင်းပတဲ့ အလုပ်သမားနေ့အခမ်းအနားကို ရေနံမြေ ဒေသပေါင်းစုံမှ အလုပ်သမားများတက်ရောက်နိုင်ရေး ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခွင့် မရခဲ့တဲ့ အလုပ်သမားအချို့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တစ်ခုတည်းသော မေဒေးကျောက်တိုင်တည်ရှိရာ ချောက်မြို့မှာ အလုပ်သမားနေ့ အခမ်းအနား စည်းကားသိုက်မြိုက်စွာ မကျင်းပခဲ့တာ ဆယ်စုနှစ်တစ်ခု ကြာပြီဖြစ်ပေမယ့် ယခုနှစ်မှာတော့ ချောက်မြို့ အေးစေတီဘုရား ကွင်းပြင်မှာ စည်ကားစွာ ကျင်းပခဲ့ပြီး ရေနံမြေအလုပ်သမား များကို ဌာနဆိုင်ရာများနဲ့ ပြည်သူများပူးပေါင်းပြီး သခင်ဖိုးလှကြီး ရုပ်ထုရှိရာ ရင်ပြင်အထိ ချီတက် အလေးပြုခဲ့ကြသည်။