ရေဘေးအန္တရာယ် အရေးပေါ်ဒေသ အဖြစ်ကြေညာကူညီဖို့ သင့်နေပါပြီ

ရေဘေးအန္တရာယ် အရေးပေါ်ဒေသ အဖြစ်ကြေညာကူညီဖို့ သင့်နေပါပြီ

ယခုနှစ် မိုးရာသီ နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် မိမိတို့တစ်နိုင်ငံလုံးနီးပါး ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ တချို့နေရာများတွင် မြို့လုံးကျွတ် ရွာလုံးကျွတ် နယ်လုံးကျွတ် ရေလွှမ်းမိုးခံနေရပြီး ကူသူ ကယ်သူမဲ့လုနီးပါး ဖြစ်နေသည်ကိုလည်း အင်တာနက် အွန်လိုင်းစာမျက်နှာများတွင် နေ့စဉ်လိုပင် တွေ့နေကြရပါသည်။

တချို့ဒေသများတွင် ဥပမာ ကောလင်းမြို့လိုဒေသများတွင်မူ ကူညီကယ်ဆယ်သည့် သတင်း များကို တွေ့ရပါသည်။ သို့သော် ရေလွှမ်းမိုးခံရသည့်နေရာဒေသ လူဦးရေ အနေအထားက ကြီးမား သည့်အတွက် ဆင့်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်နေသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်များကလည်း တတ်စွမ်းသမျှ လိုက်လံကူညီနေသည် များကိုတွေ့ရပါသည်။ တပ်မတော်သားများပင်လျှင် ဝင်ရောက်ကူညီဆောင်ရွက်ပေးနေသည့် သတင်း များကို တွေ့နေကြရပါသည်။ သို့သော် အထက်က ပြောခဲ့သလို ဆင့်ပါးစပ် နှမ်းပက်သလို တကယ် ထိရောက်သည့် ကူညီမှုမျိုးတော့ မဟုတ်ချေ။

ယခုအခါ မကွေးတိုင်း စလင်းမြို့အနီး စေတုတ္တရာမြို့ ကြုံတွေ့နေရသည့် ရေဘေးဒုက္ခမှာ ကံမကောင်း အကြောင်းမလှပါက ကျော်မကောင်း ကြားမကောင်းလောက်အောင် ဆုံးရှုံးကြရတော့ မည့် အခြေအနေမျိုးဖြစ်လာပါသည်။

စေတုတ္တရာမြို့နှင့် ကပ်လျက် မြို့၏ အထက်ပိုင်းတွင် မုန်းချောင်းရေလှောင်တမံကြီး ရှိပါ သည်။ ယင်းဆည်ကြီးမှာ ယခုအခါ စိုးရိမ်ရေမှတ်ကျော်သည်အထိ ရေများ မြင့်တက်လာနေသဖြင့် ရေလှောင် တမံကြီး၏ အနီးအနားတဝိုက်က ကျေးရွာများ၊ စေတုတ္တရာမြို့ကလေးအဖို့ ရေဘေး အန္တရာယ်ကြီးနှင့် ကြုံတွေ့ရတော့မည့် အခြေအနေမျိုး ဖြစ်ပါသည်။ ယုတ်စွအဆုံး ရေလှောင်တမံ တာဝန်ရှိသူများ၏ မိသားစုများကအစ အလျင်အမြန် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီဟူသော သတင်းများပင် ထွက်လာခဲ့ပြီ ဖြစ်သည်။ စေတုတ္တရာမြို့ကလေးတစ်ခုလုံး ပေါင်လည်မျှ ရေများ ဝင်ရောက်လာနေပြီ လည်း ဖြစ်သည်။

စေတုတ္တရာမြို့ကလေးမှာ ဘေးပတ်လည်တွင် တောင်များ ပတ်လည်ဝိုင်းလျက်ရှိသော တစ်ခုတည်းသော ကျဉ်းမြောင်းသည့် မြေပြန့်တစ်နေရာတွင် တည်ရှိသည့်မြို့ကလေးဖြစ်သည်။ ယခု ပေါင်လယ်လောက် ရှိနေသည့်ရေမှာ ရေလှောင်တမံကြီးဆီက အရေးပေါ် ရေလွှဲဖောက်ချသည့်ရေနှင့် ဘေးပတ်ဝန်းကျင်တောင်များပေါ်က စီးကျလာသော ရေများကြောင့်သာ ဖြစ်သည်။

အကယ်၍သာ ရေလှောင်တမံကြီးကို ရေကျော်သွားပါက သို့တည်းမဟုတ် ရေလှောင်တမံကြီး ကျိုးပေါက်သွားပါက စေတုတ္တရာမြို့ကလေး၏ ကံကြမ္မာမှာ ရေအောက်ရောက်သွားရသည့် ပွန်ပေမြို့လို ဖြစ်သွားနိုင်ပါ သည်။

ယခုအခါ စေတုတ္တရာမြို့မှ လူထုသည် ဘေးလွတ်မည်ထင်ရာ အမြင့်ပိုင်းနေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီ ဖြစ်သည်။ ရေလှောင်တမံကြီးကလည်း စိုးရိမ်ရေမှတ် ထက်ကျော်ပြီးရေတက် လာနေပြီဖြစ်သည်။

မီးလိုင်းများလည်း ပျက်သွားပြီ ဖြစ်သည်။ အင်တာနက်လိုင်းများလည်း ပြတ်တောက်သွားပြီ ဖြစ်သည်။ တစ်ခုတည်းသော ကုန်းလမ်းဆက်သွယ်ရေး စလင်းမြို့သို့သွားသော ကားလမ်းမှာလည်း ရေမြုပ်နေ ပြီဖြစ်သဖြင့် သွားလို့ မရတော့ပါ။ စေတုတ္တရာမြို့ကလေးသည် ယခုအခါ ရေဘေးအန္တရာယ်ကြီးနှင့် ရင်ဆိုင်တိုးနေကြရပြီဖြစ်ပါသည်။

ထို့ကြောင့် ယင်းကဲ့သို့သော ရေဘေးအန္တရာယ်ကြီးနှင့် နာရီပိုင်းနှင့် နာရီပိုင်းနှင့်အမျှ နီးကပ် လာနေသည့် စေတုတ္တရာမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများအပေါ် လူသားချင်း စာနာသောအားဖြင့် သက်ဆိုင်ရာ က အရေးပေါ်အခြေအနေ ကြေညာ၍ ချက်ချင်းထိရောက်စွာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် သင့်ပါကြောင်း အထူးအလေးအနက်ထား တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags