ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်တို့ဘက်က ထိန်းသိမ်းလုပ်ဆောင်ပေးဖို့ တရုတ် တိုက်တွန်း

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်တို့ဘက်က ထိန်းသိမ်းလုပ်ဆောင်ပေးဖို့ တရုတ် တိုက်တွန်း

ဧပြီ ၂၄ ။                ။ အမေရိကန် လေယာဉ်တင်သင်္ဘောကြီး ကိုရီးယားကျွန်းဆွယ်သို့ နီးကပ်လာနေတာနဲ့အမျှ မြောက်ကိုရီးယားတို့နဲ့ ပိုမိုတင်းမာလာနေလျက်ရှိတဲ့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

" လက်ရှိကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ တင်းမာနေချိန် သက်ဆိုင်သူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရှိနေပေးသွားကြနိုင်မယ်လို့ တရုတ်တို့ဘက်က မျှော်လင့်ထားပါတယ်၊ တင်းမာမှုတွေ ပိုမိုမြင့်တက်စေနိုင်တဲ့လုပ်ဆောင်မှုမျိုးတွေကိုလည်း ရှောင်ကြဉ်ကြလိမ့်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်" လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

" နိုင်ငံတကာ ကိစ္စရပ်တွေက လျင်လျင်မြန်မြန်ပဲ ပြောင်းလဲဖြစ်ပေါ်နေပါတယ်၊ ဒါကြောင့် တရုတ်နဲ ့အမေရိကန်တို့အနေနဲ့  ဒီလိုအချိန်မှာ နီးနီးကပ်ကပ် ဆက်သွယ်ပြီး အရေးကြီးကိစ္စတွေမှာ အချိန်နဲ့တပြေးညီ အမြင်ချင်ဖလှယ်ဆွေးနွေးရမှာဖြစ်ပါတယ်" လို့ ရှီက ထရမ့်ကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ပြံုးယမ်းအစိုးရအပေါ် ပိုမိုထိန်းချုပ်ပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်အစိုးရကို တောင်းဆိုထားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လတွေကတည်းက မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ဆောင်ထားခဲ့ပြီးနောက်ပိုင်း အမေရိကန်နဲ့အကြား တင်းမာမှုတွေ မြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တနင်္လာနေ့မှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့ပြီး  အမေရိကန်လေယာဉ်တင်သင်္ဘောကြီး Carl Vinson နဲ့ ဂျပန် ရေတပ် တို့ရဲ့ စစ်ရေးပူးတွဲလေ့ကျင့်နေမှုအကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly