နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်ရှစ်မြို့အတွင်းမှ အကျဉ်းသားများအား တရားရုံးများမှ စစ်အပြီး ရမည်းသင်းအကျဉ်းထောင်ပြန်လည်ပို့ဆောင်ရာတွင် ဧပြီ ၁၀ရက် ညက အကျဉ်းသားနှစ်ဦး ထွက်ပြေးလွတ်မြောက်သည့် အနက်မှ တစ်ဦးအား နာရီပိုင်းအတွင်း ပြန်လည်ဖမ်းမိခဲ့သည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အကျဉ်းကျတရားခံများအား ရမည်းသင်းအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ရာတွင် တပ်ကုန်းမြို့အနီး သံလမ်းအရောက်တွင် အချုပ်ယာဉ်၏ ယာဘက်ဘေးသံဇကာအား ကွေး၍ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရသိရသည်။
အဆိုပါ ထွက်ပြေးသည့် အချုပ်သားနှစ်ဦးအနက်မှ ပုဒ်မ၃၈၀ဖြင့် ကျူးလွန်ထားသူ ငြိမ်းချမ်းအောင်(ခ)သီဟကို နာရီပိုင်းအတွင်း လက်ရှိအချိန်တွင် ဖမ်းမိထားပြီဖြစ်ပြီး ကျန်တစ်ဦးကိုမူ အချိန်နှင့်တစ်ပြေးညီ လိုက်လံရှာဖွေလျက်ရှိသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သူနှစ်ဦးသည် တပ်ကုန်းမြို့မရဲစခန်း (ပ)၂၀၀/၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အမှုမှ တရားခံ ဘသက်(ခ)ဇော်မျိုး(ခ)ကုလား(၂၀)နှစ် (ဘ) ဦးတင်မြင့်၊ ကြို့ပင်သာကျေးရွာ တပ်ကုန်းမြို့နယ် နေသူနှင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်း(ပ)၁၁၇/၁၇၊ (ပ)၁၁၈/၁၇၊ ပ၁၂၁/၁၇၊ (ပ)၁၂၂/၁၇၊ (ပ)၁၂၃/၁၇၊ (ပ)၁၂၄/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုမှတရားခံ ငြိမ်းချမ်းအောင်(ခ)သီဟ (၁၈)နှစ် ၊ (ဘ)ဦးမြတ်ထူး ပုလဲလမ်းသွယ် ၊ ဆင်ဖြူရှင်ရပ်ကွက်၊ ပုလဲလမ်းသွယ်၊ ပုဗ္ဗသီရိမြို့နယ်နေသူတို့ နှစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။