သဘာဝဘေး ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်ဝယ်ယူရန် အစိုးရ စီစဉ်နေ

သဘာဝဘေး ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်ဝယ်ယူရန် အစိုးရ စီစဉ်နေ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရဟယ်ယာဉ် ဝယ်ယူရန် စီစဉ်နေသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ဒါဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီကနေပြီးတော့ ကြီးကြပ်ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်နိုင်ပါတယ်။ အလွယ်တကူနဲ့ ဒါကို ဝယ်ယူလို့ မရပါဘူး။ ဇိမ်ခံပစ္စည်းအနေနဲ့လည်း သုံးလို့မရပါဘူး။ တကယ့် အရေးပေါ်မှာသာ တကယ်ကယ်နိုင်တဲ့ပုံစံမျိုးဖြစ်အောင်ပဲ ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဧပြီလ ၁၀ရက်က ပြုလုပ်သည့် အစိုးရသက်တမ်းတစ်နှစ်အတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဝင်းမြတ်အေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ရဟတ်ယာဉ်ဝယ်ယူရေးအတွက် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက အစည်းအဝေးများ ပြုလုပ်လျက် ရှိသည်ဟုလည်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

“ဝယ်ယူတဲ့အဆင့်တော့ မရောက်သေးပါဘူး။ ရွေးချယ်ရုံပဲ ရှိပါသေးတယ်။ ဝယ်ယူဖို့ အစီအစဉ် ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly