ဒေါ်နယ်ထရမ့်သည် ဆီးရီးယားရှိအကြမ်းဖက်သမားများကို အားပေးကူညီနေဟု အီရန်သမ္မတပြောကြား

ဒေါ်နယ်ထရမ့်သည် ဆီးရီးယားရှိအကြမ်းဖက်သမားများကို အားပေးကူညီနေဟု အီရန်သမ္မတပြောကြား

ဧပြီ ၉ ။       ။ အီရန်သမ္မတ ဟတ်ဆန်ရာဟာနီက သူ၏မဟာမိတ်ဖြစ်သော ဆီးရီးယားအစိုးရ၏ လေတပ်အခြေစိုက်စခန်း များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုပ်ရပ်အပေါ် အကြမ်းဖက်သမားများက ချီးကျူးထောပနာပြုနေကြောင်း ပြီးခဲ့သော စနေနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သောအင်္ဂါနေ့က ဖြစ်ပွားခဲ့သော ဆီးရီးယားနိုင်ငံရှိ သူပုန်များထိန်းချုပ်ရာမြို့၌ ဓာတုအဆိပ်လက်နက်ဟု သံသယရှိရသည့် လက်နက်များဖြင့် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်ရပ်အပေါ် အမေရိကန်အစိုးရက ဆီးရီးယား အစိုးရ၏ လက်ချက်ဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသော်လည်း ရာဟာနီက ထိုကိစ္စအား လွတ်လပ်စွာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားရန် တောင်းဆိုခဲ့သည်။

“အမေရိကန်သမ္မတရာထူးကို ရယူထားတဲ့ဒီလူဟာ အကြမ်းဖက်ဝါဒကို တိုက်ခိုက်မယ်လို့ ကြံုးဝါးခဲ့ပေမယ့် ဒီနေ့ မှာတော့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုကို ဆီးရီးယားမှာရှိတဲ့ အကြမ်းဖက်သမားအားလုံးက ပျော်နေကြ ပါတယ်” ဟု နိုင်ငံတော်ရုပ်သံမှ တဆင့် မိန့်ခွန်းပြောကြားရာ၌ ရာဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

“အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယားစစ်တပ်ကို ခင်ဗျားတို့ဘာလို့ တိုက်ခိုက်ခဲ့ရတာလဲ။ လွတ်လပ်တဲ့ တိုင်းပြည်တစ်ပြည်အပေါ် ဘယ်ဥပဒေ ဘယ်အာဏာနဲ့ ခင်ဗျားတို့ ဒုံးပျံတွေပစ်လွှတ်တိုက်ခိုက်ခဲ့ တာလဲ” ဟု သူက ပြောခဲ့သည်။

အီရန်နှင့် ရုရှားနိုင်ငံတို့သည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်နှင့် အလွန်ရင်းနှီးသော မဟာမိတ်များ ဖြစ်ကြသည်။ သူတို့သည် အာဆက်အစိုးရအား အိုင်အက်စ်တို့နှင့် အယ်လ်ကေးဒါး၏ အဖွဲ့ဝင်ဟောင်းတို့အပေါ် တိုက်ခိုက်ရန် ထောက်ပံ့ပေးနေကြသည်။

ပြီးခဲ့သောအင်္ဂါနေ့က သူပုန်များထိန်းချုပ်ရာ ခန်းရှိတ်ခန်းမြို့၌ အရပ်သားဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် ဓာတုအဆိပ်လက်နက်ဖြင့် တိုက်ခိုက်မှုအား ဆီးရီးယားအစိုးရက ကျူးလွန်ခဲ့သည်ဆိုသော အနောက်နိုင်ငံများ ၏ စွပ်စွဲချက်နှင့် ပက်သက်၍ အီရန်နှင့် ရုရှားတို့က ကာကွယ်ပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly