နွေရာသီတွင် အသင်းအင်အားဖြည့်ရန် အိုဇေးလ်တိုက်တွန်း

နွေရာသီတွင် အသင်းအင်အားဖြည့်ရန် အိုဇေးလ်တိုက်တွန်း

ဧပြီ ၉၊ လန်ဒန်။            ။ အာဆင်နယ်အသင်းအနေဖြင့် အဓိကဆုဖလားများကို စိန်ခေါ်လိုလျှင် လူအင်အားတောင့်တင်းအောင်လုပ်ရမည်ဟု အိုဇေးလ်က တိုက်တွန်းလိုက်သည်။

အာဆင်နယ်အသင်းသည် ၂၀၀၃-၀၄ ဘောလုံးရာသီနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလားနှင့်ဝေးကွာနေခဲ့ပြီး ၂၀၀၅-၀၆ ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်သည့် စွမ်းဆောင်မှုမျိုးလည်း ပြန်မရသေးဘဲဖြစ်နေသည်။

အာဆင်နယ်အသင်း ဆုဖလားများကို စိန်ခေါ်နိုင်ခြင်း မရှိသည့်အခြေအနေကို အိုဇေးလ်က တဖြည်းဖြည်း စိတ်ပျက်လာနေပြီး ဥရောပထိပ်သီးကလပ်များနှင့် ယှဉ်ပြိုင်လိုပါက ငွေကြေးအမြောက်အမြား သုံးစွဲရမည်ဟု ယူဆနေသည်။

“အသင်းအနေနဲ့ အင်အားဖြည့်ဖို့လိုနေတယ်ဆိုတာသိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ နည်းပြရဲ့ရွေးချယ်မှုက အရေးကြီးဆုံးပါပဲ။

သူနဲ့အသင်းက ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့အသင်းကို ကြည့်လိုက်မယ်ဆိုရင် ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်တို့လောက် မတောင့်တာကို တွေ့ရပါလိမ့်မယ်။

ချန်ပီယံလိဂ်မှာဆိုရင် ဒီလူစာရင်းနဲ့မလုံလောက်ပါဘူး။ အထူးသဖြင့် လူအင်အားတောင့်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာပေါ့။

ချန်ပီယံလိဂ်နဲ့ ဖလားတွေကို ကျွန်တော်ရချင်တယ်။ အဲဒီဖလားတွေကိုရဖို့ အလားအလာနဲ့အရှိန် အာဆင်နယ်မှာရှိတယ်လို့ ကျွန်တော်ထင်တယ်”ဟု အိုဇေးလ်က ပြောသည်။

အာဆင်နယ်အသင်းနှင့် စာချုပ်ဆွေးနွေးမှု အဆင်မပြေသဖြင့် နွေရာသီထိ ရွှေ့ထားရသော အိုဇေးလ်က အသင်းပြောင်းမည် ဟု ထွက်ပေါ်နေသောသတင်းများကို အဆုံးသတ်ပေးရန်လည်း   ငြင်းဆန်ခဲ့သည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly