သေဆုံးသူဦးမောင်ဖြူဒေါင်းမှာ ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်လုခြင်းမဟုတ်ကြောင်း မျက်မြင်သက်သေများပြော

သေဆုံးသူဦးမောင်ဖြူဒေါင်းမှာ ရဲတပ်ဖွဲ့ဝင်များထံမှ သေနတ်လုခြင်းမဟုတ်ကြောင်း မျက်မြင်သက်သေများပြော
Photo - CJ

စစ်တွေ၊ ဧပြီ ၆ ရက် ။             ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်းရှိ နတ်ရှင်ကျေးရွာတွင် ကျေးရွာသား တစ်ဦးအား ဧပြီလ ၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် သေနတ်ပစ်ခတ်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည့် ဦးမောင်ဖြူဒေါင်းမှာ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်းထားသော သေနတ်အားလုယူခြင်း မဟုတ်ကြောင်း မြင်တွေ့လိုက်သူ ဒေါ်စောသန်းရွှေက ပြောသည်။

ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းမောင်တို့သည် အခင်းမဖြစ်ပွားမီအချိန် ကျေးရွာအတွင်း နေအိမ်တစ်ခု၏ အရှေ့ဘက်တွင်ရှိသည့် သစ်ပင်အောက်တွင် ထိုင်နေသည်ကိုတွေ့ရပြီး မကြာမီမှာ ဦးမောင်သန်းဆိုသူအား ဖမ်းဆီးခဲ့ကြသည့်အတွက် ယောက်ဖတော်စပ်သူ ဦးမောင်ဖြူဒေါင်းက ရဲတပ်ဖွဲ့ဝင်များအား ဖမ်းဆီးမှုမပြုလုပ်ရန်နှင့် ပြဿနာများကို နောက်နေ့မနက်ပိုင်းတွင် စခန်းသို့လာရောက်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးက ပစ်ခတ်ရန်တာဝန်ပေးလိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင်သုံးဦးထဲမှ တစ်ဦး က ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါမြင်တွေ့ခဲ့သူက ယခုကဲ့သို့ ပြောသည်။

“ကျွန်မ ဗီဒီယိုကြည့်ပြီးပြန်လာတော့ အိမ်ရှေ့သစ်ပင်အောက်မှာ ရဲတွေထိုင်နေတာကိုတွေ့တယ်။ ကျွန်မလဲ အိမ်ပေါ် ကို မတက်ဘဲ လမ်းမပေါ်မှာ ထိုင်နေခဲ့ပါတယ်။ မကြာခင်မှာဘဲ ဦးမောင်သန်းကို အိမ်ကဝင်ဖမ်းကြပါတယ်။ ယောက်ဖ ဖြစ်တဲ့ မောင်ဖြူဒေါင်းက ရဲတွေကိုပြောပါတယ်။ ခေါ်မသွားပါနဲ့ မနက်မှလာပြီး ဖြေရှင်းပေးပါမယ်။ သိပ်ပြီးကြီးကျယ်တဲ့ ပြဿနာလည်း မဟုတ်ဘူးလို့ ပြန်ပြောတာကို တွေ့ပါတယ်။ အဲဒီအချိန်မှာဘဲ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်က ပစ်ကွ ဘယ်သူ့မှ ကရုမစိုက်နဲ့ ပစ်ဆိုပြီး ခိုင်းတဲ့အတွက် မောင်ဖြူဒေါင်းကို ရဲတွေက ပစ်လိုက်တာပါ။”ဟု ကိုယ်တိုင်မြင်တွေ့ လိုက်ရသူက ပြောသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်များမှာ ကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းများအား ရှင်းလင်းရာ ဖဲရိုက်ရာတွင်ပါဝင်ခဲ့သည့် ကျေးရွာသား ဦးမောင်သန်းကို လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ကျောက်စုရဲကင်းစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ ဝင်များဖြစ်ကြောင်းသိရသည်။

“အုပ်ချုပ်ရေးမှူးက ပစ်ခိုင်းတဲ့အချိန်မှာ ရဲတစ်ယောက်က သေနတ်ကို မိုးပေါ်ထောင်ပြီးတော့ တစ်ချက်ပစ်ပါတယ်။ ပြီးတော့ မောင်ဖြူဒေါင်း ဘက်ကိုလှည့်ပြီး ၃ ချက်ပစ်ပါတယ်။ မောင်ဖြူဒေါင်းက ကျွန်မခြံဝင်းအတွင်းမှာပဲ လဲကျန်ခဲ့ပြီးတော့ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတို့ဟာ စခန်းရှိတဲ့နေရာကို ထွက်ပြေးသွားခဲ့ကြပါတယ်။ သေနတ်လုတာ မဟုတ်ဘူး။ ကျွန်မရှေ့ကကိုပစ်လိုက်တာပါ။”ဟု ဒေါ်စောသန်းရွှေက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ လှည့်ကင်းဆောင်ရွက်နေစဉ် ကျေးရွာသား ဦးမောင်သန်း ၃၁ နှစ်မှာ အရက်မူးရမ်းကားနေသည့်အတွက် ဖမ်းဆီးခေါ်ဆောင်လာခဲ့စဉ် လမ်းခုလတ်တွင် ယောက်ဖ ဖြစ်သူ ဦးမောင်ဖြူဒေါင်းက ရဲတပ်သား ထွန်းလင်းကိုင်ဆောင်ထားသည့် BA-63 အမျိုးအစား သေနတ်ကို လုယူသည့် အတွက် အဆင်သင့်ပြင်ထားသည့် ကျည်ထိုးပြီးဖြစ်သော သေနတ်မှမောင်းပြုသွားခြင်းဖြစ်ကြောင်း ပေါက်တောမြို့မ ရဲစခန်းမှ ထုတ်ပြန်ပြေား ကြားသည်။

“ဦးမောင်သန်းကို လာဖမ်းတာတော့ဟုတ်ပါတယ်။ ရဲက လှည့်ကင်းလှည့်နေတာမဟုတ်ပါဘူး။ ရွာမှာဖဲဝိုင်းလာဖမ်းတာပါ။ ရဲကအခုပြေနေတာတွေမှားပါတယ်။ ကျွန်တော်တို့ကတော့ ဒီအမှုကို အမှန်အတိုင်းဖြစ်စေချင်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ဖြုတ်ပေးဖိုု့တောင်းဆိုပါတယ်။ လုံးဝမကျေနပ်ဘူး။”ဟု ကျေးရွာသားများကပြော သည်။

အခင်းဖြစ်ပွားပြီး သေနတ်ဒါဏ်ရာဖြင့်ကျန်ခဲ့သည့် ဦးမောင်ဖြူဒေါင်းကို ကျေးရွာသားများက ပေါက်တောရဲစခန်းသို့ ပို့ဆောင်ခဲ့ရာ  ဧပြီလ ၄ ရက်နေ့တွင်သေဆုံးသွားခဲ့ကြောင်း၊ သေနတ်ထိမှန်ထားသည့် ဝမ်းဗိုက်နေရာအား ခွဲစိပ်ရာတွင် ဦးမောင်ဖြူဒေါင်းကိုယ်ထဲမှ ကျည်ဆံ ၃ ခုကိုတွေ့ရှိရကြောင်း သိရသည်။

အခင်းဖြစ်ပွားရာတွင် ပါဝင်သည့် ကျောက်စုရဲကင်း စခန်းမှ ရဲတပ်သားများမှာ စောသိန်း၊ သိန်းချိုအောင်၊ ထွန်းလင်းတို့ဖြစ်ပြီး ပစ်ခတ်သူမှာရဲတပ်သား ထွန်းလင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly