ဧပြီ ၆၊ မန်ချက်စတာ။ ။ ဝေဖန်မှုများကိုခံယူရခက်သော်လည်း နည်းပြမော်ရင်ဟိုမှားယွင်းကြောင်းသက်သေပြပြီး မန်ချက်စတာယူနိုက်တက်တွင် ဆက်ကစားရန်ဆုံးဖြတ်ထားသည်ဟု မျက်နှာသာပေးခြင်းမခံရသည့် ဘယ်နောက်ခံလူ လုခ်ရှောကပြောသည်။
ပြီးခဲ့သည့်စနေနေ့က ဝက်စ်ဘရွန်းနှင့်ဂိုးမရှိသရေကျသည့်ပွဲတွင် အသင်းလူစာရင်းမှထွက်ခွာခဲ့သည့် ရှော၏ ပရော်ဖက်ရှင်နယ် ခံယူချက်နှင့်ပတ်သက်ပြီး မော်ရင်ဟိုက တရားဝင်မေးခွန်းထုတ်ထားသည်။
အင်္ဂါနေ့က အဲဗာတန်နှင့်တစ်ဂိုးစီသရေကျသည့်ပွဲတွင် ဒုတိယပိုင်း၌လူစားဝင်ကစားသည့် အသက် ၂၁ နှစ်အရွယ် ကစားသမားကို ၎င်း၏ကိုယ်ခန္ဓာနှင့်မိမိ၏ ဦးနှောက်အသုံးပြုကစားခဲ့သည်ဟုလည်း မော်ရင်ဟိုက ပြောသည်။
ရှောက “မော်ရင်ဟိုပြောသလိုပဲ ကျွန်တော်တိုက်ပွဲဝင်တာကို သူမြင်ချင်တာပါ။ ကျွန်တော်ဒီအသင်းမှာပဲဆက်ရှိချင်တဲ့အတွက် နောက်ဆုံးစက္ကန့်အထိ တိုက်ပွဲဝင်သွားမှာပါ။
နည်းပြအတွက် ကစားပေးချင်တယ်။ ပြီးတော့ ဒီအသင်းထိပ်ကိုပြန်ရောက်ဖို့ ကူညီပြီး ကစားပေးချင်တယ်။ လက်ရှိအချိန်မှာ ဘယ်တုန်းကနဲ့မှမတူတဲ့ ကြိုးစားမှုမျိုးနဲ့ ကြိုးစားနေပါတယ်။
ကျွန်တော့်အပေါ်ဝေဖန်နေတာတွေထဲကနေ ဖောက်ထွက်ပြီးတော့ အဲဒါဆိုးဝါးတဲ့အရာတွေအားလုံးမှားနေကြောင်းကို သက်သေ ပြချင်ပါတယ်”ဟု ပြောသည်။
အဲဗာတန်နှင့်ပွဲတွင် ပွဲချိန် ၆၅ မိနစ်၌ အက်ရှ်လေယန်းအစား လူစားဝင်လာသည့် လုခ်ရှောကို မန်ယူပရိသတ်များက လှိုက်လှဲစွာ ကြိုဆိုအားပေးခဲ့ကြပြီး ထပ်ဆောင်းအချိန်ပိုတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံးဂိုးရလုနီးပါး ဖြစ်ခဲ့သည်။
Ref; Daily Mail