တရုတ်နိုင်ငံရေးသမားများ စိတ်ထားကျဉ်းမြောင်းလွန်းကြောင်း ဒလိုင်းလားမား ပြောဆို

တရုတ်နိုင်ငံရေးသမားများ စိတ်ထားကျဉ်းမြောင်းလွန်းကြောင်း ဒလိုင်းလားမား ပြောဆို

နယူးဒေလီ၊ ဧပြီ ၅ ။        ။ နယူးဒေလီနှင့် ပေကျင်းကြား အငြင်းပွားမှု ရှိနေသော အိန္ဒိယမြောက်ပိုင်းပြည်နယ်တစ်ခုသို့ ဒလိုင်းလားမား လာရောက်လည်ပတ်ခြင်းနှင့် ပတ်သက်ပြီး နှစ်ဖက်အကြားအငြင်းပွားမှု ရှိနေခြင်းသည် တရုတ်နိုင်ငံရေးသမားများက စိတ်ထားကျဉ်းမြောင်း၍ဖြစ်ကြောင်း ၎င်းက ဧပြီ ၅ ရက်တွင် စွပ်စွဲပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံရှိ အာရန်နာချိုင်ပြည်နယ်သို့ လာရောက်လည်ပတ်ခြင်းမှာ ဘာသာရေးသက်သက်သာဖြစ်ပြီး နိုင်ငံရေးမစွန်းထင်းကြောင်း တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက အခိုင်အမာဆိုသည်။

“တရုတ်နိုင်ငံရေးသမားတွေက ကျုပ်ကို မကောင်းဆိုးဝါးလို ရှုမြင်နေတော့တယ်။ တစ်စုံတစ်ယောက်ကမှ ကျုပ်ကို မကောင်းဆိုးဝါးလို့ ထင်မြင်မှာ မဟုတ်ပေမယ့် တရုတ်ကတော့ ဒီအတိုင်းရှုမြင်နေတယ်။”ဟု အာရန်နာချိုင်ပြည်နယ်သို့ ရောက်ရှိပြီး ဒုတိယမြောက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဒလိုင်းလားမားက ရယ်ပြံုးလျက် ပြောလိုက်ခြင်းဖြစ်သည်။

တရုတ်လူမျိုးအများစုက အိန္ဒိယကို ချစ်မြတ်နိုးကြောင်း၊ သို့သော် ကျဉ်းမြောင်းသောစိတ်ထားရှိသည့် တရုတ်နိုင်ငံရေးသမားများက တရုတ်ကို ဆန့်ကျင်ရန်အတွက် အိန္ဒိယအာဏာပိုင်များက ကျွနု်ပ်ကို အသုံးချနေသည်ဟု ရှုမြင်ထားကြကြောင်း တိဗက်လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျက်ရှိသည့် ၁၉၈၉ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသော ဘုန်းတော်ကြီးဒလိုင်းလားမားက ပြောသည်။

ဒလိုင်းလားမား၏ အိန္ဒိယအလည်အပတ်ခရီးစဉ်က နှစ်နိုင်ငံကြား ဆက်ဆံရေးအပေါ် ရိုက်ခတ်လာမည်ဆိုကာ တရုတ်နိုင်ငံက ဆန့်ကျင်ထားသည်။ တရုတ်၏ ဝေဖန်ဆန့်ကျင်မှုကို  အိန္ဒိယက ပယ်ချပြီး ဒလိုင်းလားမားအနေဖြင့် အိန္ဒိယ၏ အဆိုပါဒေသသို့ ယခင်ကလည်း ခြောက်ကြိမ်တိုင် လာရောက်ဖူးကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags