လယ်ယာဏ္ဍကို တိုးတက်အောင် ဦးစားပေးဆောင်ရွက်မည်ဟု ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုး အမတ်လောင်းဆို

လယ်ယာဏ္ဍကို တိုးတက်အောင် ဦးစားပေးဆောင်ရွက်မည်ဟု ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုး အမတ်လောင်းဆို
Photo - Aung Min Tun
 

ရန်ကုန်၊ ဧပြီ ၄ ။                ။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ပြီး  ပြည်သူ့လွတ်တော်နေရာကို အနိုင်ရခဲ့သည့် ဦးအောင်ကြည်သိန်းက ၄င်းအနေဖြင့် လယ်ယာဏ္ဍကို တိုးတက်အောင်ဦးစားပေးဆောင်ရွက်မည်ဟုပြောဆိုလိုက်သည်။

“လယ်သမားတွေနဲ့ စိုက်ပျိုးရေးသမားတွေပေါ့နော်။ ခြံဘာညာ အဲ့တာတော့များတာပေါ့။ အဲ့တာကြောင့် စစခြင်းပေါ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတိုးတက်အောင်၊ လယ်သမားတွေကို   ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ နံပတ် တစ် ဦးစားပေးအနေနဲ့ ကျွန်တော် စည်းရုံးခဲ့တယ်ပေါ့နော်" ဟု ၎င်းကပြောသည်။

လက်ရှိ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် အလုပ်အကိုင်အခွင့်အလမ်း မရှိသည့် ပြသာနာလည်းကြံုတွေ့နေရပြီး နိုင်ငံခြားထွက်ခွာမှုများ လည်းရှိနေသည်ဟု ဦးအောင်ကြည်သိန်းက ဆက်လက်ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲမကျင်းပမှီ မဲဆွယ်စည်းရုံးမှုများပြုလုပ်သည့် ကာလတည်းက ၎င်းအနေဖြင့် လယ်ယာဏ္ဍနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ပြုလုပ်ပေးမည်ဟု ဒေသခံများကို ကတိပေး စည်းရုံးထားခဲ့ကြောင်းသိရသည်။

“ဒီနှစ်ချက်ကို အဓိကထားပြီးတော့မှာ စည်းရုံးတာပေါ့နော်။ သူတို့ရဲ့လိုအပ်ချက်ကတော့ အဓိက အဲ့ဒီ့နှစ်ချက် ဖြစ်ပါတယ်ဗျ” ဟု ဦးအောင်ကြည်သိန်း ကပြောဆိုသည်။

လယ်ယာစိုက်ပျိုးရေးနဲ့ အလုပ်အကိုင်ရရှိရေးကို ဦးစားပေးလုပ်ပေးဖို့ ဒေသခံတွေကို ကတိပေးပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား (ခေါ်) ချောင်းဆုံတံတား အမည်ပေးခြင်းနဲ့ မပတ်သက်ကြောင်း ဦးအောင်ကြည်သိန်းကပြောဆိုသည်။

ဧပြီ ၁ ရက်ကလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ  ၁၉၆၆၇ မဲ နှင့် ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းက ချောင်းဆုံဇာတိဖြစ်ပြီး အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းကို မဲ ရ၀၀၀ ကျော်နှင့် အနိုင်ရရှိခြင်းလည်း ဖြစ်သည်။

ဧပြီ ၁ရက်က ကျင်းပခဲ့သည့်  ကြားဖြတ်ရွေးကောက်ပွဲရှိ လစ်လပ်မဲဆန္ဒနယ် ၁၉နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၉နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ၆နေရာ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂နေရာ၊ ရခိုင်အမျိုးသားပါတီ(ANP)က ၁နေရာနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီက ၁နေရာ အနိုင်ရရှိခဲ့ကြောင်း   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly