အကြမ်းဖက်မှု အတူတကွ တိုက်ဖျက်သွားရေး အမေရိကန်နှင့် အီဂျစ်တို့ သဘောတူ

အကြမ်းဖက်မှု အတူတကွ တိုက်ဖျက်သွားရေး အမေရိကန်နှင့် အီဂျစ်တို့ သဘောတူ

ဧပြီ ၄ ။           ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီဂျစ်သမ္မတ ဖာတက် အယ်လ်စီစီ တို့ ဧပြီ ၃ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကြမ်းဖက်မှုအပေါ် အတူတကွ ပူးပေါင်းတိုက်ဖျက်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ အီဂျစ်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မကောင်းသတင်းတွေ ထွက်ပေါ်နေလင့်ကစား ယင်းတို့ကို ဘေးခဏဖယ်ထားပြီး ယခုလို သမ္မတ အယ်လ်စီစီကို လက်ခံတွေ့ဆုံခဲ့ပြီး ချီးကျူးပြောဆိုမှုတွေ ပြလုပ်သွားခဲ့ပါတယ်။

ဘဲဥပုံ ခန်းမမှာ တွေ့ဆုံခဲ့ပြီး ထရမ့်က အီဂျစ် သမ္မတကို အမွှမ်းတင်ချီးကျူးမှုတွေလုပ်ဆောင်ပေးသွားခဲ့ပါတယ်။ " ခင်ဗျားက အမေရိကန်အတွက်ရော၊ ကျွန်တော့်အတွက်ပါ တကယ့် မိတ်ဆွေကောင်းတစ်ဦးပါ"  လို့ ထရမ့်က စီစီကို ပြောဆိုသွားခဲ့ပါတယ်။

 အီဂျစ်နိုင်ငံမှာတော့ ယခင်က နိုင်ငံရေးအတိုက်အခံတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို သမ္မတ စီစီ ဘက်က ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်ထားခဲ့မှုအပေါ် ယခင်အမေရိကန်သမ္မတဟောင်း ဘရက်ခ်အိုဘားမားတုန်းက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခု သမ္မတ ထရမ့်ကတော့ အီဂျစ်တို့အပေါ် ထားတဲ့ အမေရိကန်ရဲ့ မူဝါဒသဘောထားကို ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။ " ခုချိန်မှာ လူတိုင်းကို သိစေချင်တာတစ်ခုက ကျွန်တော်တို့ဟာ သမ္မတ စီစီကို ထောက်ခံထားတယ်ဆိုတာပါပဲ၊ သူ့နောက်မှာ ကျွန်တော်တို့အများကြီး ထောက်ခံထားပါတယ်၊ သူဟာ တကယ်တမ်းလဲ ခက်ခဲတဲ့အနေအထားတစ်ခုမှာ ထူးခြားပြောင်မြောက်တဲ့   ဆောင်ရွက်ချက်တွေ လုပ်ထားနိုင်သူပါ" လို့ ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly