ပါရာဂွေးတွင် လွှတ်တော်မီးတင်ရှို့သည့် ဆန္ဒပြမှု လူငယ်တစ်ဦး သေဆုံး၍ တင်းမာမှု မြင့်တက်

ပါရာဂွေးတွင် လွှတ်တော်မီးတင်ရှို့သည့် ဆန္ဒပြမှု လူငယ်တစ်ဦး သေဆုံး၍ တင်းမာမှု မြင့်တက်

အက်ဆန်စီယွန်၊ ဧပြီ ၁ ။           ။ ပါရာဂွေးနိုင်ငံတွင် ဖွဲ့စည်းပုံအား ပြင်ဆင်မှုအပေါ် ဆန္ဒပြရာမှ လွှတ်တော်အား မီးတင်ရှို့မှုဖြစ်ပွားပြီး ရဲလက်ချက်ဖြင့် တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး အသတ်ခံရကာ သေဆုံး၍ ဧပြီ ၁ ရက်တွင် တင်းမာမှုက မြင့်မားလာခဲ့သည်။

သေဆုံးသူ လူငယ်မှာ အသက် ၂၅ နှစ်ရှိ အတိုက်အခံပါတီ PLRA ၏ လူငယ်ကွန်ရက်ကို ဦးဆောင်နေသူ ရိုဒရီဂိုကင်တာနားဖြစ်ပြီး အက်ဆန်စီယွန်မြို့လယ်ရှိ ၎င်းအဖွဲ့ရုံးကို ရဲက ဝင်စီးရာမှ   ရော်ဘာကျည်ဖြင့် ပစ်၍ သေဆုံးရခြင်းဖြစ်ကြောင်း အတိုက်အခံပါတီ PLRA ခေါင်းဆောင် အီဖရင်းက ပြောသည်။

“ရဲတွေက ပါတီရုံးထဲကို အတင်းချိုးဖျက်ဝင်ရောက်လာတာပါ။ ပြီးတော့ လူတွေကို ဆွဲပြီး ကြမ်းပေါ် မျက်နှာအပ်မှောက်ခိုင်းတယ်။ ကြမ်းကြမ်းတမ်းတမ်းကို ဝင်ရောက်စီးနင်းတာဖြစ်ပါတယ်။”ဟု အီဖရင်းက ဆိုသည်။
အဆိုပါ ရုံးထဲက ဆန္ဒပြလှုပ်ရှားသူများအား ရဲက ပစ်ခတ်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသူ တစ်ချို့ရှိကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူ ကင်တာနာကို ကြည့်ရှုခဲ့ရသည့် ဆရာဝန်ဖြစ်သူက ယင်းလူငယ်တွင် ခေါင်းတွင် ဒဏ်ရာရထားကြောင်း ပြောသော်လည်း သေဆုံးရသည့် အကြောင်းရင်းကို ပြောကြားခြင်း မရှိပေ။

ပါရာဂွေးနိုင်ငံတွင် အာဏာရှင် နှစ်ပေါင်း ၃၅ နှစ် အုပ်ချုပ်ပြီးနောက် ၁၉၉၂ ခုနှစ်တွင်  ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံဥပဒေတွင် သမ္မတအား ငါးနှစ်သက်တမ်း တစ်ကြိမ်တည်းသာ ထမ်းဆောင်ခွင့် တင်းတင်းကြပ်ကြပ် သတ်မှတ်ထားသည်။

သို့သော် လက်ရှိသမ္မတ ဟိုရတ်တီယိုကာတီက ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ကြိုးစားပြီး နောက်တစ်ကြိမ်အရွေးခံရန် လုပ်ဆောင်လာခြင်းဖြစ်ကာ
လွှတ်တော်တွင် ဥပဒေကြမ်းရေးဆွဲ ပြဌာန်းလာခြင်းဖြစ်သည်။ ယင်းအပေါ် ကန့်ကွက်ရာမှ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly