ဦးကိုနီနှင့် ကိုနေဝင်းတို့ အသတ်ခံရမှုကို လူသတ်မှုဖြင့် လေဆိပ်ရဲအရာရှိအား စတင်စစ်ဆေး

ဦးကိုနီနှင့် ကိုနေဝင်းတို့ အသတ်ခံရမှုကို လူသတ်မှုဖြင့် လေဆိပ်ရဲအရာရှိအား စတင်စစ်ဆေး

ရန်ကုန်၊ မတ်လ ၃၁ ။             ။ ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်၍ လူသတ်မှုဖြင့် တရားလိုပြသက်သေ လေဆိပ်ရဲအရာရှိ ရဲအုပ်မိုးနိုင်အား ယနေ့ (မတ်လ ၃၁ ရက်)တွင် အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ စတင်စစ်ဆေးခဲ့သည်။

လူသတ်မှုအတွက် ပြစ်မှုကြီး အမှတ် ၄၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄/၂၁၂ သက်ဆိုင်သည့် ကြည် လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း နှင့် ထွက်ပြေး လွတ်မြောက်နေသည့်   အောင်ဝင်းခိုင် တို့ ၅ ဦး အမှုတွင် တရားလိုပြသက်သေ လေဆိပ်ရဲအရာရှိ ရဲအုပ်မိုးနိုင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“Terminal 1 ဂိတ်ပေါက် ရှေ ့ကားလမ်းဘက်က ကြည်လင်းဘေးမှာ တီရှပ်လက်တိုနဲ့ ကွာတားပင်ဝတ် လူ တစ်ယောက်ကိုတွေ့ရှိရပြီး ဆက်ပြီးတော့ CCTV မှတ်တမ်းမှာ ဂိတ်ပေါက် ၄ ဝင်ပေါက်က ကြည်လင်း ဘေးမှာ တွေ့ရတဲ့ တီရှပ်လက်တိုနဲ့ ကွာတားပင်ဝတ်ထားသူက အရင်ဝင်တယ်။ ကွာတားပင်ဝတ်သူမှာ အောင်ဝင်းဇော် ဖြစ်တယ် ”ဟု တရားလိုပြသက်သေ လေဆိပ်ရဲအရာရှိ ရဲအုပ်မိုးနိုင်က ခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင် ကြည်လင်းက ရှေ့နေဦးကိုနီကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး လေဆိပ်ရှေ ့ ကားလမ်းမဘက်သို့ ထွက်ပြေးစဉ် အငှားယာဉ်မောင်းကိုနေဝင်းက တားဆီးရာ ထပ်မံပစ်ခတ်ခဲ့ ခြင်းကြောင့် ကိုနေဝင်းပါ သေဆုံးခဲ့သည့်အတွက် သေနတ်ဖြင့် ပစ်ခတ်သူ ကြည်လင်းကို အရေးယူ ပေးပါရန် မင်္ဂလာဒုံမြို ့မစခန်းသို့ တိုင်ကြားစာပေးပို့ခဲ့ကြောင်း ရဲအုပ်မိုးနိုင်က ထွက်ဆိုခဲ့သည်။

ကြည်လင်းအား အငှားယာဉ်မောင်းများ၊ အရပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးခဲ့ပြီး ကြည်လင်းထံမှ ၉ မမပစ္စတို ၁ လက်နှင့် ကျည်ကိုးတောင့်၊ အမေရိကန်နိုင်ငံထုတ် ငါးလုံးပြူးသေနတ်တစ်လက်နှင့် ကျည် ၄ တောင့်၊ အညိုရောင် ခေါက်ပိုက်ဆံအိတ် ၁ အိတ်၊ ငွေစက္ကူရောရာ ကိုးသောင်းကျပ်၊ ဦးထုပ် ၁ လုံး၊ ဆရာဦးမြင့်သိန်း (နေပြည်တော်)နာမည်ပါ လိမ်စာကဒ်တစ်ခု၊ သံကြိုး တစ်ချောင်း၊ ကြိုးမပါ ဟမ်းဘတ်အနက်အိတ် တစ်လုံး၊ ထီ လက်မှတ် နှစ်အုပ်၊ ၉ မမ ကျည်ခွံနှစ်ခု၊ သွေးစွန်းနေသော ၎င်း ဝတ်ဆင်ထားသည့်အကျီတစ်ထည်၊ ကွာတားဘောင်းဘီ တစ်ထည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း လေဆိပ်ရဲအရာရှိ ရဲအုပ်မိုးနိုင်က ထွက်ဆိုခဲ့ပြီး သက်သေခံအဖြစ် တင်သွင်းခဲ့သည်။

ယနေ့ (မတ်လ ၃၁ ရက်) နေ့တွင် ကြည်လင်းဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ ဦးကျော်ကျော်ထိုက်က ရဲအုပ်မိုးနိုင်ကို စစ်ဆေးမေးမြန်းရာတွင် ကြည်လင်းနှင့် မပတ်သက်သည့် မေး ခွန်းများ မေးမြန်း ခဲ့သည်ကို တွေ့ရှိရကြောင်း ရှေ့နေဦးကိုနီ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ် တော်ရှေ ့နေ ဦးနေလက ပြောသည်။

“ 7 day သတင်းစာ ၂၅ရက်နေ့ သတင်းစာ။ အဲ့သတင်းစာမှာဘာတွေ့ရလဲဆိုလို့ရှိရင် တရားခံကြည်လင်းရဲ ့ရှေ ့ နေ ဦးကျော်ကျော်ထိုက်ကို ဦးအောင်ဝင်းဇော်ရဲ ့ရှေ ့နေ ဦးအောင်ခိုင်က ဆက်သွယ်ငှားရမ်းပေးတယ်လို့ ဖော်ပြ ပါရှိတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် အောင်ဝင်းဇော်တို့၊ ထွက်ပြေးနေတဲ့ အောင်ဝင်းခိုင်တို့နဲ့ ဆက်စပ်ပြီး တော့ ရှေ ့နေငှားပေးတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်မှုရှိတာကို တွေ့ရတယ်။ ကြည်လင်းရဲ ့ရှေ ့နေ ဦးကျော် ကျော်ထိုက်မေးမြန်းတဲ့ အခါမှာလည်း အောင်ဝင်းခိုင်နဲ ့အောင်ဝင်းဇော်တို့အတွက် မေးခွန်းများကို ကြည်လင်းနဲ့ မပတ်သတ်တဲ့ မေးခွန်းတွေ မေးမြန်းတာကို တွေ့ရတယ်။ သူတို့က ဒီအမှုကို ခုခံတဲ့အခါမှာ ပူးပေါင်းပြီး ခုခံတဲ့ သဘောထားမျိုး ကျွန်တော်တို့ သုံးသပ်ရရှိတယ် ”ဟု ဦးနေလက ပြောသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ တရားလိုပြသက်သေအသစ်ကို ထပ်မံစစ်ဆေးရန် လာမည့် ဧပြီလ ရ ရက်နေ့ကို ချိန်းဆိုခဲ့ပြီး ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရသည့် အမှုနှင့် ပတ် သက်၍ လူသတ်မှုအတွက် တရားလိုပြသက်သေ အယောက် ၈ဝ အထိ စစ်ဆေးသွားမည်ဖြစ်ပြီး လက်နက် မှုအတွက် တရားလိုပြသက်သေ ၈ ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly