သင်္ကြန်ကာလအတွင်း ဥပေဒမဲ့ အရက်ရောင်းချခွင့်မပြု

သင်္ကြန်ကာလအတွင်း ဥပေဒမဲ့ အရက်ရောင်းချခွင့်မပြု
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ မတ် ၃၀ ။           ။ သင်္ကြန်ပွဲတော်တွင် ဥပဒေမဲ့အရက်ရောင်းချမှုများအား ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး တရားဝင် အရက်ရောင်းချခွင့်ရ လိုင်စင်ရှိပါက သက်ဆိုင်ရာစည်းကမ်းနှင့်အညီ ခွင့်ပြုသွားမည်ဟု သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပခြင်းဖြစ်သောကြောင့် အရက်သေစာများကို ဥပဒေမဲ့ရောင်းချခွင့်ပြုမည် မဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူသွားမည် ဟု ပြောဆိုထားသည်။

ဥပဒေမဲ့ရောင်းချခြင်းမှာ နိုင်ငံတော်မှ လိုင်စင်ချထားပေးသည့် တရားဝင်အရက်ရောင်းချခွင့်ရ လိုင်စင် မရှိဘဲ ရောင်းချနေခြင်းဖြစ်သည်။ ထို့ပြင် သင်္ကြန်ကာလရောက်မှ မဏ္ဍပ်များဘေးများတွင် လာရောက် ဖွင့်လှစ်သည့် စားသောက်ဆိုင်များတွင် ယခင်နှစ်များက တရားမဝင် အရက်ရောင်းချမှုများ ရှိခဲ့သည်။

အဆိုပါ ဆိုင်များတွင် အရက်ရောင်းချမှုမရှိစေရန် အင်္ကြန်မဏ္ဍပ်များ ဖွင့်လှစ်ရေမကစားမီ အချိန်ကတည်းက ကြိုတင်ရှာဖွေသွားမည်ဖြစ်ပြီး တွေ့ရှိပါက ယစ်မျိုးဥပဒေဖြင့် အရေးယူသွားမည်ဟု ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးလှဝေက မဇ္စျိမသို့ ပြောသည်။

“ အဲ့လိုမျိုးဆိုရင် သူတို့နေရာမှာ လိုင်စင်ထုတ်ပေးထားတာမရှိဘူး။ ယာယီ သင်္ကြန်ကာလပွဲတော် အတွင်းမှာလုပ်တဲ့ ယာယီရောင်းတဲ့ လမ်းဘေးစျေးဆိုင်တွေလေ ။ အဲ့ဒီဆိုင်တွေမှာ နိုင်ငံတော်က လိုင်စင်ချထားမပေးဘူး။ အဲ့ဒီဆိုင်တွေမှာ ရောင်း/ ၀ယ်လို့ ရှာဖွေလို့၊ တွေ့လို့ရှိရင် ယစ်မျိုးဥပဒေနဲ့ အရေး ယူမှာပေါ့ ”ဟု ၄င်းကဆိုသည်။

၂၀၁၆ သင်္ကြန်ကာလအတွင်းကလည်း လမ်းဘေးတရားမဝင်အရက်ရောင်းချမှုများကို ရှာဖွေကြပ်မတ် ခဲ့သော်လည်း သင်္ကြန်မဏ္ဍပ်အချို့ပေါ်တွင် အရက်၊ ဘီယာ ရောင်းချမှုအချို့ရှိခဲ့သည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ရဲမှူးလှဝေက “ မဏ္ဍပ်ပေါ်မှာ ဘား ဖွင့်ထားတာတွေ ၊ မဖြစ်ခင်တည်းက စီစစ်မှာအဲ့တာတွေ ဘားတန်းရှိလား ၊အလုံပိတ်ခန်းရှိလား ။ ဒါတွေ ကျွန်တော်တို့ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး။ ရောင်းချလို့လည်းမရဘူး ။ အဲ့မှာ လိုင်စင်ပေးထားတာလည်းမရှိဘူး ” ဟု ဆိုသည်။

သို့သော် နိုင်ငံတော်မှ လိုင်စင်ချထားပေးသည့် တရားဝင်အရက်ရောင်းချခွင့်ရ လိုင်စင်ရှိသည့် ဆိုင်များ သည် သက်ဆိုင်ရာစည်းကမ်းများအတိုင်း အရက်ရောင်းချပါက ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၇ ခုနှစ် ၊ ရန်ကုန်သင်္ကြန်တွင် လတ်တလောအနေဖြင့် မဏ္ဍပ်အကြီး ၂၂ ခု နှင့် အကြီးအလတ် စုစုပေါင်း ၆၀ ခွင့်ပြုထားပြီး မဏ္ဍပ်အကြီး ၂၁ခုမှာ ဆောက်လုပ်ပြီးစီးနေကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များရှိသည့် အင်းလျားလမ်းတွင် မနက်ပိုင်း ရှာဖွေမှုများပြုလုပ်သွားမည်ဖြစ်ပြီး ယမန်နှစ်က အင်းလျားကန်ဘောင်ဘေးတွင် မိုင်ရှင်မဲ့ အရက်၊ ဘီယာ ဆာလာအိတ်  ၆ ထုတ်ခန့် တွေ့ရှိခဲ့ကြောင်း ရဲကုန်တိုင်းရဲတပ်ဖွဲ့မှသိရသည်။

ထို့အပြင် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြားများနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့အနေဖြင့် အရှိန်မြင့်ပြီးဆောင်ရွက်ပေးဖို့ကိုမှာ ရန်ကုန်တိုင်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရဲတပ်ဖွဲ့ကို မှာကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly