၀ါရှင်တန်၊ မတ် ၃၀ ။ ။ ဘိန်းဖြူနှင့် ဘိန်းပါသော ဆေးဝါးများ စွဲကာ သေဆုံးသည့် နှုန်းထား မြင့်တက်လာခြင်းကို ဖြေရှင်းမည့် ကော်မရှင်တစ်ရပ်အား ဖွဲ့စည်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၂၉ ရက်တွင် ကြေညာလိုက်သည်။
ဘိန်းနှင့် မူးယစ်ဆေးပါ ဆေးဝါးများ စွဲခြင်း မြင့်တက်လာခြင်းသည် လက်ရှိ အမေရိကန် ကြံုတွေ့နေရသည့် ကပ်ရောဂါအသွင်တစ်ရပ်ဖြစ်ပြီး အကြီးမားဆုံး ပြဿနာတစ်ရပ်အဖြစ် ဒေါ်နယ်ထရမ့်က ပြောသည်။
“ခုလို ဆေးစွဲတာတွေက ကပ်ရောဂါလိုမျိုးပဲလို့ ကျွန်တော် ယူဆတယ်။”ဟု ဒေါ်နယ်ထရမ့်က ၎င်း၏ ကက်ဘိနက်အဖွဲ့ဝင်များ အပါအဝင် ဆေးဖြတ်လူနာများနှင့် ပညာရှင်များ ပါ၀င်သည့် တွေ့ဆုံမှုတစ်ရပ်တွင် ပြောလိုက်သည်။
“ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ဆေးစွဲနေသူတွေကို ကျွန်တော်တို့ အကူအညီပေးလိုတယ်။ သောက်ဆေးစားတွေကို အလွဲသုံးပြီး ဆေးစွဲသူတွေ ဖြစ်လာတာက အမေရိကန်မှာ ကြံုနေရတဲ့ ပြဿနာတစ်ရပ်ပါပဲ။”ဟု သမ္မတ ထရမ့်က ပြောသည်။
ဖေဖော်ဝါရီလအတွင်းက အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာ၏ ထုတ်ပြန်ချက်အရ ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးနှုန်းသည် အလွန်စိုးရိမ်ဖွယ်ရာ မြင့်တက်လာကြောင်း ဆိုသည်။
အလွန်အကျွံဆေးဝါး သုံးစွဲမှုကြောင့် သေဆုံးနှုန်းသည် ၂၀၁၀ ခုနှစ်တွင် ၃၈၀၀၀ ရှိခဲ့ရာမှ ၂၀၁၅ တွင် ၅၂၀၀၀ အထိ ရှိခဲ့ကြောင်း၊ ယင်းသေဆုံးနှုန်းတွင် ဘိန်းဖြူကြောင့် သေဆုံးနှုန်းမှာ လေးပုံတစ်ပုံ ရှိကြောင်း သိရသည်။