ကွင်းဆက်တရားခံ အောင်ဝင်းခိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် ခရိုင်မှ ပယ်ချခဲ့သည့်အမိန့်ပေါ် တိုင်းတရားရုံးသို့ ပြင်ဆင်မှုတင်သွင်း

ကွင်းဆက်တရားခံ အောင်ဝင်းခိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် ခရိုင်မှ ပယ်ချခဲ့သည့်အမိန့်ပေါ် တိုင်းတရားရုံးသို့ ပြင်ဆင်မှုတင်သွင်း
မတ်လ ၂၄ ရက်နေ့က ရှေ့နေဦးကိုနီလုပ်ကြံသူ ကြည်လင်းအပါအဝင် လုပ်ကြံသူလေးဦးကို ရုံးထုတ်လာစဉ်။ (ဓာတ်ပုံ-ရဲနိုင်)

ရန်ကုန်၊ မတ် ၂၈ ။           ။ ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်းတို့ အသတ်ခံခဲ့ရသည့် အမှုနှင့် ပတ်သက်၍ လွတ်မြောက်နေသည့် ကွင်းဆက်တရားခံ အောင်ဝင်းခိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် ခရိုင်မှ ပယ်ချခဲ့သည့် အမိန့်အပေါ် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ မတ် ၂၈ ရက်တွင် ရာဇဝတ်ဆိုင်ရာ ပြင်ဆင်မှုတင်သွင်းခဲ့ကြောင်း တရားလိုများဘက်မှ   ဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဦးနေလက မဇ္ဈိမသို့ ပြောသည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှု ကွင်းဆက်တရားခံဖြစ်သည့် အောင်ဝင်ခိုင်အား ဖမ်းဝရမ်းထပ်မံထုတ်ပေးရန် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရှိ ခုံရုံးသို့ တင်ပြမှုကို မတ်လ ၁၇ ရက်က ပယ်ချလိုက်ခြင်းဖြစ်သည်။

“ပြင်ဆင်မှုတင်သွင်းရတာကတော့ အမှန်တကယ်ပျောက်ဆုံးခဲ့တဲ့ နေရာကို ရှာဖွေဖမ်းဆီးခြင်းမပြုခဲ့တဲ့၊ ဖမ်းဝရမ်းမထုတ်ပေးခဲ့တဲ့ အချက်က အဓိကပါပဲ။ အဓိက ရည်ရွယ်ချက်ကတော့ အမှုတွဲထဲမှာ အမှန်တကယ် ရှာဖွေဖမ်းဆီးဆိုတဲ့ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံပါစေချင်တာလည်း ပါပါတယ်”ဟု ဦးနေလက ဖမ်းဝရမ်းအမိန့် ပယ်ချခဲ့သည့်အပေါ် ပြင်ဆင်မှု တင်သွင်းရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြသည်။

ကွင်းဆက်တရားခံ အောင်ဝင်းခိုင်ကို ဖမ်းဆီးရန် ပထမအကြိမ်ဖမ်းဝရမ်းကို အောင်ဝင်းခိုင်နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ နေအိမ်ကိုသာထုတ်ပေးခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၇ ရက်တွင် ခရိုင်တရားရုံး၌ ရဲအရာရှိကိုယ်တိုင် လာရောက်ထွက်ဆိုချက်အရ အောင်ဝင်းခိုင်မှာ နေပြည်တော်ရှိ ဘယဥယျာဉ်ရှေ့တွင် လွတ်မြောက်သွားကြောင်း ထွက်ဆိုချက်ခဲ့သည့်အတွက် ဖမ်းဝရမ်းထပ်မံဆင့်ထုတ်ပေးရန် တင်ပြမှုကို ခရိုင်မှပယ်ချခဲ့ခြင်းဖြစ်သည်။

ရှေ့နေဦးကိုနီလုပ်ကြံမှုနှင့် ပတ်သက်၍ လာမည့်မတ်လ ၃၁ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂/၃၄/၂၁၂ သက်ဆိုင်သည့် ထွက်ပြေးလွတ်မြောက်နေသည့် အောင်ဝင်းခိုင်အပါအဝင် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ ၅ ဦး အမှုကို စတင်စစ်ဆေးသွားမည်ဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအား အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ပေးခဲ့သော အငှားယဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly