ပညာရေးဝန်ထမ်းများကို အကာအကွယ်ပေးနိုင်မည့် ပညာရေးလုပ်သားများ သမဂ္ဂဖွဲ့စည်းမည်

ပညာရေးဝန်ထမ်းများကို အကာအကွယ်ပေးနိုင်မည့် ပညာရေးလုပ်သားများ သမဂ္ဂဖွဲ့စည်းမည်

ပုသိမ်၊ မတ် ၂၇ ။              ။ အခြေခံပညာဦးစီးဌာနတွင် ပညာရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းအားလုံး၏ အခွင့်အရေး၊ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကိုယ်စားပြုရပ်တည်ဖြေရှင်းပေးနိုင်မည့် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂကို ဖွဲ့စည်မည်ဟု သိရသည်။

အဆိုပါ သမဂ္ဂကို ဖွဲ့စည်ပုံအခြေခံဥပဒေ ပုဒ်မ ၂၄နှင့်အညီ အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေ (၂၀၁၂) အရဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လတ်တလောတွင် သမဂ္ဂဖြစ်မြောက်ရေးကော်မတီကိုအဖွဲ့ဝင် ၉၅ဦးဖြင့် ဖွဲ့စည်းထားကြောင်း ကော်မတီဝင်တစ်ဦးဖြစ်သူ ကျိုက်လတ် အမက (ပန်းခြံ) မှ ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းထွဋ်က ဆိုသည်။

"ဆရာ ဆရာမတွေရဲ့ ယနေ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဆရာ/ဆရာမတွေက ကိုယ်စားပြုပြီးတော့ အချင်းချင်း ဖြေရှင်းလို့ရအောင်၊ ညှိနှိုင်းကာကွယ်လို့ရအောင်၊ ဒါမှမဟုတ် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက တာဝန်ရှိသူတွေသိအောင် ပြောပြနိုင်ဖို့ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၄အရ အလုပ်သမားတို့ရဲ့ ရပိုင်ခွင့်ကိုကာကွယ်ပေးဖို့အတွက် ဖွဲ့ဆိုတဲ့အဖွဲ့အစည်းဖြစ်ပါတယ်" ဟု အထွေထွေအကြံပေး ဦးထင်အောင်က ပြောသည်။

အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီ၏ အထွေထွေအကြံပေးဦးနန္ဒာစစ်အောင်ကလည်း "အရင်ကဆို ဝန်ကြီးဌာနက အမိန့်ကို လိုက်နာရမယ်။ မလိုက်နာရင် ဝန်ကြီးဌာနတွင်း ဖိအားတွေနဲ့ တွေ့မယ်၊ သူတို့ဘယ်နားသွားတိုင်ရမလဲ။ ဖိနှိပ်တဲ့ဒဏ်တွေကို ဆရာ/ဆရာမတွေ အများကြီးကြံုခဲ့ပြီးသားပါ။ တော်ကြာ အမှိုက်ကောက်ဆို ကောက်ရပြန်ပြီ၊ သစ်ပင်စိုက်ဆို စိုက်ရပြန်ပြီ၊ ပန်းစည်းသွားကမ်းဆို ကမ်းရပြန်ပြီ" ဟု ပြောသည်။

အဆိုပါ အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂကို မြို့နယ်၊ ခရိုင်၊ တိုင်းအလိုက် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပြီး အဖွဲ့အစည်းနှင့်ပတ်သတ်၍ အခက်အခဲများ ကြံုတွေ့လာပါက ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ဖြေရှင်းမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်အဖွဲ့ဝင် ဦးထက်အောင်က ဆိုသည်။

"ကျွန်တော်တို့ အခြေခံပညာထုရဲ့ ဆရာ ဆရာမပိုင်းမှာရော၊ ဝန်ထမ်းပိုင်းမှာရော အဲ့လို သမဂ္ဂမရှိခဲ့ဘူး၊ ဆရာ/ဆရာမတွေရဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုတွေ အများကြီးကြုံတွေ့နေရတယ်။ နောက်ပြီး အတိုင်ခံရတာတွေရှိတယ်။ တကယ်မှန်လို့အတိုင်ခံရတာတွေရှိသလို ပုဂ္ဂိုလ်ရေးဆန်တဲ့ တိုင်ကြားမှုတွေရှိလာတော့ ကျွန်တော်တို့ ဆရာဆရာမပိုင်းမှာ နစ်နာမှုတွေ ရှိလာတယ်။ အဲ့ဒီနစ်နာမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုလိုအပ်တယ်လို့ထင်ပါတယ်" ဟု ကျောင်းအုပ်ဆရာကြီး ဦးမင်းမင်းထွဋ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly