စီးပွားရေးမလုပ်တတ်ပါက မြို့သစ်စီမံကိန်းကို အစိုးရလုပ်ဖို့မသင့်ဟု တိုင်းအမတ်ဝေဖန်

စီးပွားရေးမလုပ်တတ်ပါက မြို့သစ်စီမံကိန်းကို အစိုးရလုပ်ဖို့မသင့်ဟု တိုင်းအမတ်ဝေဖန်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန် ၊ မတ် ၂၃ ။            ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးလုပ်ကိုင်မည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြပြီး  အစိုးရအနေဖြင့် စီးပွားရေးမလုပ်တတ်လျှင် ရင်းနှီးမြှုပ်နှံမှုတွင် မလုပ်ကိုင်သင့်ကြောင်း ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ယနေ့ ပြောဆိုလိုက်သည်။

"အစိုးရ စီးပွားရေးမလုပ်တတ်ရင် ရင်းနှီးမြှုပ်နှံမှုမှာ ၀င်ရောက်မလုပ်ကိုင်သင့်ပါဘူး၊ ဆုံးရှုံးသွားရင် ဒါဟာ ပြည်သူငွေတွေပါ" ဟု ဒေါ်စန္ဒာမင်းက ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့သည်။

မတ်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့၌ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး အခြေခံအချက်အလက်များ မပြည့်စုံဘဲ အလျင်စလို မစတင်သင့်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

အစိုးရအနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောဆိုမှုများ အားနည်းသည်ဟု ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်၌ ဆွေးနွေးပြောဆိုခဲ့သည်။

"လွှတ်တော်အနေဖြင့် မြို့သစ်စီမံကိန်းကို မည်သည့်နေရာတွင် မည်သည့်ပုံစံမျိုးဖြင့် လုပ်ကိုင်မည်၊ ရင်းနှီးမြှုပ်နှံမည့်သူ တွေက မည်သူတွေကို ရွေးချယ်ထားတယ်၊ မည်သည့်အပိုင်းတွေကို စတင်လုပ်ကိုင်မယ်ဆိုတာကို ကိုယ်စားလှယ်တွေအနေနဲ့ သိထားဖို့လိုအပ်ပါတယ်" ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

အဆိုပါ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်း ရှယ်ယာ ထည့်ဝင်သွားမည် ဖြစ်ပြီး ကျန်ရှိသည့် ၄၉ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဖွဲ့စည်းထားသည့် MCT အဖွဲ့က ထည့်ဝင်ပြီး ပူးပေါင်းလုပ်ဆောင် သွားမည် ဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းကဲ့သို့ ကြီးမားသည့် စီမံကိန်းမျိုးကို လွှတ်တော်သို့ သီးခြား တင်ပြသင့်ပြီး ဒေသန္တရစီမံကိန်းအတွင်း ရောနှောပြီး မတင်သွင်းသင့်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက လွှတ်တော်၌ ပြောဆိုခဲ့သည်။

"ဒီစီမံကိန်းကိုတော့ သီးသန့် အာဂျင်ဒါတစ်ခုအနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်မှာ တင်ပြသင့်တယ်လို့ ထင်ပါတယ်"ဟု ဦးကျော်ဇေယျက ပြောသည်။

ထို့အပြင် စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြထားသည့် ရည်ညွှန်းချက်များအရ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများဖြင့် ပြည့်စုံမှ စီမံကိန်းများကို ဆောင်ရွက်သင့်သည်ဟု ဖော်ပြထားခြင်းကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းကို ဆောင်ရွက်ရာမှာ အမှန်တကယ် ပြည့်စုံခိုင်မာမှုရှိမှသာ လွှတ်တော်၌ တင်ပြပြီး ဆောင်ရွက်သင့်သည်ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly