တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အစိုးရဘယ်လိုအခက်အခဲတွေ ရှိနေလဲ

တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အစိုးရဘယ်လိုအခက်အခဲတွေ ရှိနေလဲ

Union Peace & Dialogue Joint Committee (UPDJC) Member တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို လက်ရှိအစိုးရနဲ့ တပ်မတော် ဆက်ဆံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ လေးနှစ်တာကျန်သေးတဲ့ အစိုးရအပေါ် အကြံပြုချက်တွေကိုလည်း ဆက်လက်မေးမြန်းထားပါတယ်။

မျိုးသန့်(Mizzima Media)

အဲတော့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကတော့ မပြောင်းမလဲ ရှိနေသေးတယ်ပေါ့နော်။ အစိမ်းသက်သက်ပေါ့နော် ဥပမာ အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဝင်တွေဟာ အတိုက်ခံဘဝကနေ အစိုးရ ဖြစ်လာတာ။ တစ်ဖက်ကတော့ တပ်မတော်အစိုးရပေါ့နော်။ အခုပြန်တွေ့တဲ့ အခါမှာ တပ်မတော်က ဦးစီးအရာရှိကြီးတွေ တပ်မတော် အရာရှိကြီးတွေနဲ့ တစ်ဖွဲ့တည်း ပြန်တွေ့တဲ့အခါမှာ သူတို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆက်ဆံရေးက အခြေနေဘယ်လိုရှိလဲ။

ခွန်ဥက္ကာ(Union Peace & Dialogue Joint Committee Member)

ပွတ်တိုက်မှုက သုံးလေးခု ကျွန်တော် ထောက်ပြရမယ်။ (၁) အချက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကြမ်းကို လွှတ်တော်မှာ ပြဋ္ဌာန်းတဲ့ အချိန်မှာ တပ်မတော်ကိုယ်စားလှယ်တွေ မထောက်ခံဘူး။ ပြဋ္ဌာန်းတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သွားတယ်။ လွှတ်တော်မှာ အများစုနဲ့ လုပ်လိုက်တယ်။ absolute majority လုပ်လိုက်လို့ နိုင်သွားပေမယ့် တပ်က အဲ့တုန်းက စကားတစ်ခွန်းပြောခဲ့တယ်။ လွှတ်တော်က ပြဋ္ဌာန်းလိုက်လို့ ဒီဥပဒေ ဖြစ်လာတာ ဒီကိစ္စ လွှတ်တော်ကပဲ အာမခံရမယ်လို့ ပြောခဲ့တယ်။ နောက်တစ်ခါ လွန်ခဲ့တဲ့ သုံးလ၊ လေးလ
တပ်မတော် ကျောထောက်နောက်ခံရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးကိုယ်တိုင် ဦးဆောင်ပြီးတော့ ကာကွယ်ရေးနဲ့ လုံခြံုရေးကောင်စီ ပြန်ခေါ်ပေးပါလို့ တောင်းတယ်။ အဲဒါ အလကားမဟုတ်ဘူး ဦးသိန်းစိန်ခေတ်မှာ ကာကွယ်ရေးနဲ့ လုံခြံုရေးကောင်စီဟာ တာဝန်အပြည့်နဲ့ အရေးပေါ်ရင် ပေါ်သလို သုံးလတစ်ခါ အမြဲတမ်းခေါ်နေကြ။ ဒီတစ်နှစ်မှာ အစိုးရသစ်မှာ တစ်ခါမှ မခေါ်ဘူး။ အဲဒီ မခေါ်တဲ့ နေရာမှာ တပ်မတော်ကလည်း အစိုးရကို ခေါ်စေချင်တယ်။ အဲဒီ ၁၁ ဦးကော်မတီတွေရဲ့ ဆွေးနွေးချက်တွေ လုပ်ပိုင်ခွင့် တွေဟာ ဖွဲ့စည်းပုံနဲ့အညီ ဖြစ်တဲ့ အပြင်ကို နောက်ပြီးတော့ ပြဿနာ ရှိရင်လည်း အဲဒီမှာရှင်းတယ်။ အဲဒီ ပွတ်တိုက်မှု မဖြစ်အောင်ပေါ့။ တစ်ဦးနဲ့ ညှိမယ် ဆိုပြန်တော့လည်း အစိုးရဘက်မခေါ်ဘူး။ မခေါ်ဘဲနဲ့ ဘာဖြစ်သွားလည်း ဆိုရင် ၁၁ဦး ကော်မတီ မဟုတ်ဘဲနဲ့ ၂ဦး ကော်မတီ ဖြစ်သွားတယ်။ လိုအပ်ရင် ဒေါ်အောင်ဆန်းစုကြည်က ကာချုပ်ဆီ သွားတွေ့မယ်။ infromal ပေါ့။ ကာချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီ သွားတွေ့တယ်။ သူတို့ လွန်ခဲ့တဲ့ လောက်ကိုင်တိုက်ပွဲ အပြီးလောက်မှာတော့ ကာလုံနဲ့ ခပ်ဆင်ဆင် ပွဲလေးတော့လုပ်တယ်။ ဒါပေမယ့် ကာလုံနာမည် မတပ်ဘဲနဲ့ လုပ်တယ်။ အဲဒါမျိုးလေးပေါ့။ ဒီတပ်ဘက်ကလည်း ကာလုံကို ပြန်မခေါ်တာ ကြည်ကြည်လင်လင် မဖြစ်ဘူး။ အမြင်က ပေါ့လေ။ ဟိုကလည်း ကာလုံကို ခေါ်ရင် ကာလုံမှာ တပ်ဘက်က ၆ယောက် အရပ်ဘက်က ၄ယောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Role က အဲမှာ အလိုအလျောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပါလာမှာ။ Protocol နည်းနည်းအောက်ရောက်သွားတယ်။ အဲဒါကို အခေါ်မခံနိုင်ဘူး။ အဲဒါကြောင့် အဲဒီပွတ်တိုက်မှုတွေက ရှိနေတဲ့ အခါကျတော့ တစ်ဖက်က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အရွေ့ကို နှောက်နှေးစေတာပေါ့ဗျာ။

မျိုးသန့်(Mizzima Media)

ကျွန်တော်တို့က သက်ရောက်မှုကတော့ အဲလို ဖြစ်နေပြီ။ ဒီဟာကတော့ ဟို ပြုပြင်ပြောင်းလဲရေး အရွေ့ပေါ့နော်။ အဲဒီမှာအပြင် လက်နက်ကိုင်တပ်ဖွဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ဒါမှမဟုတ် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား တိုက်နေခိုက်နေကြတာ။ အဓိက ပါဝင်ပတ်သက်နေတာက တိုင်းရင်းသား လက်နက်ကိုင်ရယ်၊ ဒီတပ်မတော်ရယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတစ်ရပ်က တပ်မတော်နဲ့ သိပ်ပြီးတော့ ဆက်ဆံရေးက အန်ကယ်ပြောသလို အကျေအလည် မဖြစ်ဘူးဆိုတော့ ငြိမ်းချမ်းရေးအတွက် ဘာများ သက်ရောက်မှုဖြစ်မလဲ။ ဘာတွေလုပ်သင့်လဲ။

ခွန်ဥက္ကာ(Union Peace & Dialogue Joint Committee Member)

ငြိမ်းရေးအတွက်က ဒေါ်အောင်ဆန်းစုကြည် indirect (သွယ်ဝိုက်နည်းနဲ့) တော့ ခဏ ခဏ ပြောတယ်။ ဒါပေမယ့် လူတွေက သဘောမပေါက်ဘူး။ အဲဒါ ဘာလဲဆိုတော့ သတ္တရှိကြပါ။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ဒီအလုပ်လုပ်မယ်ဆိုရင် သူက ကြံုတိုင်းပြောတယ်။ အဲဒါက ဘာလဲဆိုတော့ သူသိနေတယ်။ အကုန်လုံး မပြောလို့ ဖြစ်တဲ့ အခါကျတော့ ဘာကြောင့်မပြောလဲဆိုတော့ NCA က ရှိပြီးသား လမ်းကြောင်းကလည်း ပေါ်နေပြီ။ NCA ဆိုတဲ့ စာချုပ်စာတမ်း ကတိကဝတ်ကလည်း ရှိပြီးသား။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဒီအတိုင်းလိုက်နာမယ်လို့ သူက လက်မှတ်ထိုးပြီးသား အဲဒီထိုးပြီးသား စာချုပ်မှာ ကျွန်တော်တို့ ဖိတ်ခေါ်ခြင်း ခံထားရတဲ့ သူတွေပေါ့နော်။ မဖိတ်ခေါ်တဲ့ သူတွေတော့မပါဘူး။ ဖိတ်စာမရသေးတာပေါ့။ ဒီ ဦးသိန်းစိန်ဖိတ်ထားတဲ့ အဖွဲ့တွေက အချိန်မရွေးလာထိုးနိုင်တယ်။ ဦးသိန်းစိန်လာထိုးလာတဲ့ အဖွဲ့တွေက လာထိုးနိုင်ရဲ့သားနဲ့ သတ္တိမရှိလို့ မလာသလို ဖြစ်နေတယ်။ အဲသလို မလာဖို့ စဉ်းစားအောင် လာထိုးဖို့အတွက် အခက်ခဲဖြစ်အောင် တပ်က ကလိထားလိုက်တယ်။ နည်းနည်း အတိုက်ပြထားလိုက်တယ်။ ပြထားလိုက်တော့ အဲဒီ အဖွဲ့တွေက တို့ကိုလည်း သူများလာတိုက်နေတယ်။ တို့ကလည်း NCA သွားထိုးမယ်ဆိုရင် သဘာဝ ကျပါ့မလားဆိုပြီးတော့ မထိုးဘဲနေတယ်။ နေလိုက်တာဟာ တပ်မတော်ရဲ့ ကြိုက်ကွက်ထဲ ဝင်သွားတယ်။ နေလေ သူ့အတွက် စစ်စရိတ်ပိုရလေ။ သူ့တပ်မတော်အတွက် ရှင်သန်လေ့ကျင့်တဲ့ နေရာဖြစ်လေ။ ဝယ်ထားတဲ့ လက်နက်ခဲယမ်း expeire ဖြစ်ခါနီးတိုင်း သွားသုံးလို့ ရလေ။ အသစ် ပြန်ဖြည့်လို့ရလေ။ တိုက်ကွက်က ရှိနေတာကိုး။ အဲဒီလူတွေဟာ တိုက်ချင်လည်း တိုက်ကွာ ဒို့ ထိုးမယ်ဆိုပြီး NCA ထိုးလိုက်ရင် တပ်မတော်က အခက်အခဲ ဖြစ်သွားတယ်။ NCA မှာ သူဒီလို ဒီလို မလုပ်ရဘူးဆိုတာ ပါတယ်လေ။ ရပ်ရတော့မယ် သူက မလွဲမရှောင်သာ လုပ်ရတော့မယ်။ အဲဒီမှာ ဒေါ်စုက အဲဒါကို ညွှန်းချင်တာ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ဖက်က ခေါင်းဆောင်တွေက ဘာတွက်လည်း ဆိုတော့ လူထုက ပြောတာပေါ့။ ဒို့ ကချင်တွေကို တိုက်နေတယ်။ ဘာဖြစ်လို့ ကချင်က သွားထိုးရမှာလဲ။ ဒို့ ကိုးကန့်တွေကို တိုက်နေတယ်။ ဘာဖြစ်လို့ ဒို့ ကိုးကန့်တွေက သွားထိုးရမှာလဲ။ ဒါပေမယ့် ကိုးကန့် နှင့် ကချင်မတူက ကိုးကန့်က ဖိတ်စာမရဘူး။ ကချင်က ဖိတ်စာရတယ်။ ထိုးခွင့်ရှိတာ ဖိတ်စာရတဲ့သူက ထိုးခွင့်ရှိတယ်။ အဲဒီမှာ နည်းနည်း ပြန်ခွဲတယ်။

မျိုးသန့်(Mizzima Media)

ကျေးဇူးတင်ပါတယ်။ နည်းနည်းတော့ ကျွန်တော်တို့ ဒီ လူထု အစိုးရပဲဆိုကြပါစို့။ ကျွန်တော်တို့ တစ်နှစ်ပြီးပြီ ပြီးပြီဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ နောက် လေးနှစ်မှာပေါ့နော်။ လူမှုဘဝ ဖွံ့ဖြိုးဖို့ နောက်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဆက်သွားဖို့ ကျွန်တော်တို့မှာ လေးနှစ် အချိန်ရသေးတယ်။ အဲတော့ ဘာတွေများ လုပ်သင့်လဲ။ ဒီကျန်တဲ့ လေးနှစ်မှာ ပြုပြင်ပြောင်းလဲဖို့နဲ့ ပြီးလို့ ရှိရင် ငြိမ်းချမ်းရေး အတွက်ပေါ့လေ။

ခွန်ဥက္ကာ(Union Peace & Dialogue Joint Committee Member)

ကျွန်တော်ကြည့်တာတော့ လေးနှစ်မရှိဘူးခင်ဗျ။ သုံးနှစ်ခွဲလောက်ပေါ့။ ၂၀၂၀ က ရွေးကောက်ပွဲနေ့ဆိုတော့ အခြားဟာတွေ မေ့ပြီးတော့ ရွေးကောက်ပွဲ အနိုင်ရရေးပဲ ပြန်လုပ်ရတော့မှာ။ ၂၀၁၉ ထိပဲ အချိန်ရတော့တယ်။ ၂၀၁၉ ထိ ရတဲ့အချိန်မှာ ဒီ ငြိမ်းချမ်းရေးကို တည်ငြိမ်အေးချမ်းမှုပေါ့ဗျာ။ အကုန်လုံး ရာခိုင်နှုန်းပြည့် မီးမငြိမ်းသော်လည်းပဲ အရေးကြီးတဲ့ နေရာတော်တော်များများမှာ မီးငြိမ်းသွားပြီးတော့ ငြိမ်းချမ်းရေးရဲ့ အကျိုးကို တည်ငြိမ်အေးချမ်းရေးရဲ့ အကျိုးကို လူထုတွေ ခံစားရတယ်ဆိုတာကတော့ လက်တွေ့ပြဖို့ လိုတယ်။ ဥပမာပေါ့ဗျာ ကျွန်တော်တို့ ကရင်မှာ မြို့သစ်ရွာသစ်တွေ တည်ထောင်တာတို့ လမ်းသစ်တွေ ဖောက်တာတို့ သူတို့ရဲ့ လူမှုဘဝ ဖွံ့ဖြိုးဖို့ကို လက်တွေ့ပြနိုင်အောင် အဲဒါ လုပ်ရမယ်။ နောက်ပြီးတော့ အခြေခံလူမှုဘဝ ရပ်တည်ရေးပေါ့။ လုံခြံုရေးကတော့ရပြီ ငြိမ်းချမ်းရေးကြောင့် နောက် ဝင်ငွေမရှိ ဘာမရှိ ဆင်းရဲနေတယ်ဆိုလည်း ဒါဟာ အခုနကပြောတဲ့ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ ငတ်မွတ်ခေါင်းပါးမှုက ပေါ်လာတဲ့ လုယက်မှုတွေ ဆိုးသွမ်းတာတွေဟာ အများကြီး ရှိအုံးမယ်။ အဲဒီ တရားဥပဒေ စိုးမိုးရေးကို ပီပီပြင်ပြင် ဖြစ်ဖို့ကလည်း ဘာလုပ်ရမယ်ဆိုတော့ လူတွေရဲ့ စားဝတ်နေရေး အတော်အသင့် ဖူလုံအောင်ပေါ့။ အခြေခံစားကုန်တွေ ဆန်၊ ဆီ၊ ဆေး၊ ဆား အခြေခံ စားကုန်တွေရဲ့ စျေးနှုန်းတွေကို ချုပ်ကိုင်နိုင်ပြီးတော့ အများစုဖြစ်တဲ့ ပြည်သူတွေအတွက် လုပ်ပေးနိုင်တယ်ဆိုရင်တော့ လူအချို့ကတော့ ထောက်ခံရမှာပဲ။ လူထုကတော့ ကောင်းချီးပေးမှာပဲ။ ဒီအစိုးရကတော့ လက်တွေ့မြင်ရမယ်။ အခြေနေကောင်းတွေ တွေ့ရမယ်။ ကျွန်တော်တို့ ဒီလို ကြီးမားတဲ့ project ကြီးတွေပေါ့။ စီးပွားရေး ကြီးမားတဲ့ ဟာကြီးတွေ ဒီလောက်မလိုပါဘူး တိုင်းပြည်ကလေ။ ကျွန်တော်မြင်တာကတော့ မိမိဘာသာ မိမိ ဖူလုံတဲ့ စီးပွားရေးစနစ်မျိုးပေါ့ဗျာ။ ကိုယ့်ခြံလေး၊ ကိုယ့်လယ်လေး၊ ကိုယ့်နေရာလေး အေးအေးချမ်းချမ်း နေနိုင်ပြီးတော့ တစ်ဝမ်းတခါးပေါ့ အိန္ဒြေရရ အဲဒီလို အေးချမ်းတဲ့ ပုံစံမျိုးနဲ့ လူထုက တကယ်နေနိုင်လို့ ရှိရင်တော့ အောင်မြင်မှု တစ်ခုပဲ။ ဒါကြောင့် ဒီ သုံးနှစ်တွင်းမှာ တည်ငြိမ်အေးချမ်းမှု ငြိမ်းချမ်းရေးကို ရာခိုင်နှုန်း တော်တော်များများမှာ အပြည့်အဝ ရအောင် လုပ်ရမယ်။ ဖွံ့ဖြိုးရေးကိုလည်း ဒီ အောက်ခြေ လူတန်းစာပေါ့ ဆင်းရဲဆုံး လူတန်းစား တောနေ လူတန်းစား မြို့ပေါ် အခြေခံ လူတန်းစား မျှဝေခံစားနိုင်မယ့် အကျိုးအမြတ်ရှိမယ့် စီးပွားရေးမျိုး ဖန်တီးရမယ်။ အဆင့်မြင့် စီးပွားရေးမလိုဘူး။ အဆင့်မြင့် တိုးတက်တာတွေကို ခဏထား ကျွန်တော်တို့ တိုင်းပြည်မှာ ဖူလုံမှုကို အရင်လုပ်နိုင်တဲ့ စီးပွားရေးမျိုးပေါ့။ အဲဒါမျိုးကို အစိုးရက ဦးဆောင်နိုင်ရင်တော့ ကျွန်တော်ထင်တယ်။ ဒီ သုံးနှစ်၊ သုံးနှစ်ခွဲမှာ တစ်စုံတစ်ရာပေါ့ တိုင်းပြည်ဟာ ပြောင်းလဲသွားမယ်။ အာရှမှာလည်း နိုင်ငံတကာ လက်ခံနိုင်မယ့် လူနေမှု စနစ်ပေါ်လာမယ်ပေါ့ဗျာ။ ကျွန်တော် အဲသလို မျှော်မှန်းပါတယ်။

အပိုင်း - ၁ http://www.mizzimaburmese.com/article/24997

အပိုင်း - ၂ http://www.mizzimaburmese.com/article/25020

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly