ကွန်တီနှင့်ပြဿနာအပြင် အက်သလက်တီကိုသို့ပြောင်းရန် အစွမ်းကုန်ကြိုးစားခဲ့မှုကိုပါ ဒီယေဂိုကော်စတာ ဖွင့်ဟ

ကွန်တီနှင့်ပြဿနာအပြင် အက်သလက်တီကိုသို့ပြောင်းရန် အစွမ်းကုန်ကြိုးစားခဲ့မှုကိုပါ ဒီယေဂိုကော်စတာ ဖွင့်ဟ

မတ် ၂၂၊ စပိန်။           ။ ဒီယေဂိုကော်စတာက ကွန်တီနှင့် အဓိကပြဿနာစတက်ချိန်မှာ အက်သလက်တီကိုသို့ ပြောင်းရန်ငြင်းပယ်ခံရချိန်ကဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ချယ်လ်ဆီးတိုက်စစ်မှူးကော်စတာသည် ပြီးခဲ့သည့်နွေရာသီတွင် အသင်းဟောင်းသို့ပြန်လည်ပြောင်းရွှေ့ရန် အစွမ်းကုန်ကြိုးပမ်း ခဲ့မှုကြောင့် နည်းပြကွန်တီနှင့် ဆိုးရွားသည့်ဆက်ဆံရေးစတင်ခဲ့ရသည်။

နောက်ထပ်မပြေလည်မှုတစ်ခုမှာလည်း ဇန်နဝါရီလတွင် တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့ရန်ငြင်းပယ်ခံရစဉ်က ဖြစ်ပေါ်ခဲ့ပြီး ယင်းအချိန်ကမူ နှစ်ဦးစလုံးက ကတောက်ကဆဖြစ်ပွားခဲ့ခြင်းမရှိဟု ငြင်းဆန်ခဲ့ကြသည်။

ပြဿနာတက်ခဲ့ပြီးနောက် နှစ်ဦးစလုံးမကြည့်ချင်လောက်အောင်ဖြစ်ခဲ့ကြသည်ဟု ကော်စတာကဝန်ခံခဲ့ပြီး လာမည့်နွေရာသီတွင် အသင်းပြောင်းမည်မဟုတ်ဟုလည်း ငြင်းဆန်ခြင်းမပြုခဲ့ပေ။

“အက်သလက်တီကို ကို ပြန်ပြောင်းဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်း အခုလို တိုက်ခိုက်ပြီးတော့လည်း မပြောင်းချင်ပါဘူး။ အက်သလက်တီကိုက စောင့်နိုင်ပေမယ့် ကျွန်တော်ကမစောင့်နိုင်ခဲ့ဘူး။

ကွန်တီရောက်လာကာစမှာ အက်သလက်တီကို ကို ပြောင်းချင်တယ်ပြောမိလို့ သူနဲ့ ကနဦးဆက်ဆံရေးကမကောင်းခဲ့ဘူး။ ကျွန်တော့်ကိုသူဒေါသထွက်ခဲ့ပြီး မကြည့်ချင်လောက်အောင်ဖြစ်ခဲ့သလို ကျွန်တော်လည်း အတူတူပါပဲ”ဟု ကော်စတာက ပြောသည်။

ချယ်လ်ဆီးတွင် ကောင်းမွန်နေသော်လည်း အနာဂါတ်နှင့်ပတ်သက်ပြီးယတိပြတ်ပြောလိုခြင်းမရှိကြောင်း၊ ဘဝတွင် အရာရာ ဖြစ်လာနိုင်ကြောင်းနှင့် အရာရာတိုင်းအတွက် တံခါးဖွင့်ထားကြောင်းလည်း ကော်စတာက ဆိုသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly