ကဗျာပဲရေးပြီး ဘဝရပ်တည်ရန် မလွယ်ဟု ကဗျာဆရာ သစ္စာနီပြော

ကဗျာပဲရေးပြီး ဘဝရပ်တည်ရန် မလွယ်ဟု ကဗျာဆရာ သစ္စာနီပြော

ရန်ကုန်၊ မတ် ၂၁ ။             ။ မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာနှင့် စာတမ်းဖတ်ပွဲကို ကမာရွတ်မြို့နယ်ရှိ ယုဒဿန်ခန်းမတွင် ကျင်းပခဲ့သည်။

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပလာခဲ့သည်မှာ (၇) နှစ်ရှိပြီဖြစ်သည်။

ကဗျာဆရာတစ်ယောက်၏ ဘဝအခြေအနေကို ကဗျာဆရာ သစ္စာနီက "အရင်တုန်းကဆိုရင်တော့ အခက်အခဲအမျိုးမျိုးပေါ့။ စာပေစိစစ်ရေးလည်းရှိတယ်ဆိုတော့ မဂ္ဂဇင်းထဲမှာ ကဗျာတစ်ပုဒ်ပါဖို့ တော်တော်ခက်တယ်။ နောက်တော့ ကဗျာဆရာတစ်ယောက်ရဲ့ ဘဝရပ်တည်ရေးပေါ့နော်။ ကဗျာတစ်ပုဒ်က ရလို့ရှိရင်လည်း ၃ထောင်၊ ၄ထောင်၊ ၅ထောင်၊ အခုအမြင့်ဆုံးပေးတဲ့ တစ်သောင်း ပေါ့နော်။ အဲဒီတော့ ကဗျာရေးတာတစ်ခုတည်းနဲ့ ဘဝရပ်တည်လို့ မရဘူး။ ကဗျာဆရာတွေ အားလုံးလိုလိုပဲ သီးခြား သက်ဆိုင်ရာ၊ သက်ဆိုင်ရာ တစ်ချို့က ဆရာဝန် တစ်ချို့က စစ်ဗိုလ် တချို့က ကျောင်းဆရာပေါ့လေ။ ကိုယ့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းလေးတွေ ရှိကြပါတယ်။ အဲလိုရေးပြီးတော့ ဘဝကို ရပ်တည်နေကြတာ။ ကဗျာတစ်ခုတည်းရေးပြီးတော့ ရပ်တည်လို့က မလွယ်ဘူး" ဟုဆိုသည်။

လူငယ်များအနေဖြင့် ကဗျာရေးကြရာတွင် အပျော်တမ်းမရေးကြဘဲ တစိုက်မတ်မတ်ရေးကြရန်နှင့် ကဗျာလမ်းဆိုသည်မှာ မာရသွန်လျှောက်လမ်းရှည်ကြီးဖြစ်ကြောင်း ကဗျာဆရာသစ္စာနီက အသိပေး တိုက်တွန်းထားသည်။

အခမ်းအနားတွင် ကဗျာစာအုပ်ပေါင်း ၂၅၀ ကျော်ကို မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂအဖွဲ့ အပါဝင် စုစုပေါင်း ကဗျာဆရာ သုံးဆယ်ကျော်က စိစစ်ရွေးချယ်ပြီး အကောင်းဆုံး ကဗျာစာအုပ်နှစ်အုပ်ကိုလည်း ဆုပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly