တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သံအမတ်တို့ လောက်ကိုင်အရေးဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်သံအမတ်တို့ လောက်ကိုင်အရေးဆွေးနွေး
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ မတ် ၂၁ ။             ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် H.E. Mr. Hong Liang တို့တရုတ်-မြန်မာနယ်စပ်အနီး လောက်ကိုင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး မတ်လ ၂၁ရက်က ဆွေးနွေးခဲ့ကြသည်။

လက်ရှိလောက်ကိုင်ဒေသဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်နေမှုအခြေအနေများ၊ နယ်စပ်ဒေသလုံခြံုရေးနှင့် တည်ငြိမ်ရေးအတွက် ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စစ်ဖြစ်ပွားခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုများသာဖြစ်၍ မိမိတို့အနေဖြင့် တိုက်ပွဲများကို အတတ်နိုင်ဆုံးရှောင်ရှားကြောင်း” တရုတ်သံအမတ်ကို ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

မတ်လ ၆ရက်က စတင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က “သက်ဆိုင်ရာအဖွဲ့အစည်းတိုင်း တိုက်ပွဲများ ချက်ချင်းရပ်သင့်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို ဖြစ်နိုင်သမျှ ပြန်လည်ထိန်းသိမ်းသင့်တယ်”ဟု မတ် ရရက်က သတင်းထောက်များကိုပြောကြောင်း  AFP သတင်းဌာနတွင် ဖော်ပြထားသည်။

မတ်လ ၂၁ရက်တွင် တွေ့ဆုံမှု၌မူ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တရုတ်သံအမတ်ကြီးအား ပြောဆိုခဲ့သည်။

သံအမတ်ကြီးက မြန်မာ-တရုတ်နယ်စပ်ကိစ္စရပ်များကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြံုရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောဆိုခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လောက်ကိုင်ဒေသ၏ နောက်ခံသမိုင်းကြောင်း နှင့် ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ် ကာလက တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ အရှေ့မြောက်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို စတင်လုပ်ဆောင်ခဲ့သည့် အခြေအနေများကိုလည်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့တက်ရောက်ကြပြီး တရုတ်သံအမတ်ကြီးနှင့် အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly