လယ်သမားများ နှင့် ကုမ္ပဏီတို့ အငြင်းပွားမှုကို စိစစ်နေဆဲအချိန်အတွင်း ကုမ္ပဏီက ထပ်မံ ထွန်ယက်ခြင်းမပြုရန် ဝန်ခံလက်မှတ်ရေးထိုးခဲ့သည့်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ အနောက်လက္ခုပ္ပင်ကျေးရွာတွင် ဖွင့့်လှစ်ထားသော လယ်ယာမြေရရှိရေး သပိတ်စခန်းကို မတ်လ ၁၈ ရက်တွင် ပိတ်သိမ်းလိုက်သည်။
"မြေပြန်ရဖို့ဆိုတာ ကြာမယ်။ တရားဝင်စာရွက်စာတမ်းတွေလည်း ထွက်ပေးတယ်။ ကိုယ်တောင်းဆိုတာရပြီဆိုတော့ သပိတ်စခန်းကို ခေတ္တယာယီရပ်လိုက်တယ်"ဟု လယ်သမားအရေး ကူညီနေသူ ကိုဇော်ထွန်းက ပြောသည်။
မတ်လ ၁၈ရက် ညနေ ၃ နာရီတွင် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲမှူး၊ မြေစာရင်းတို့က လယ်ယာမြေအငြင်းပွားသူ လယ်သမား နှင့် ကုမ္ပဏီတာဝန်ရှိသူများကို နှစ်ဦးနှစ်ဖက်ခေါ်ယူတွေ့ဆုံခဲ့သည်။
မြေစစ်ကော်မတီက စစ်ဆေးနေစဉ် ဝင်ရောက် ထွန်ယက်ပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေး အကြောင်းကြားစာထုတ်ပြန်ခဲ့ပြီး နောက်နောင်ဝင်ရောက်ထွန်ယက်ခြင်းမပြုဟုလည်းကုမ္ပဏီ တာဝန်ရှိသူက မတ်လ ၁၉ ရက်တွင် ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့သည်။
"နောက်တစ်ကြိမ် ဝင်ရောက်ထွန်ယက်ခြင်း မပြုဖို့ ကုမ္ပဏီဘက်ကို ဝန်ခံလက်မှတ်ရေးထိုး ခိုင်းတယ်"ကိုဇော်ထွန်းက ဆိုသည်။
ပြည်မြို့နယ်၊ အနောက်လက္ခုပ္ပင်ကျေးရွာနေ တောင်သူ ၁၇ပိုင် လယ်ယာမြေ ၃၈.၅ ဧက ကို စစ်တပ်က သိမ်းယူခဲ့ ပြီး delicious food ကုမ္ပဏီ (မြရွာသကြားစက်)ကို လုပ်ကိုင်ခွင့်ပေးထားသည်။
တောင်သူများက မြို့နယ်၊ ခရိုင်၊ တိုင်း လယ်ယာမြေနှင့် အခြားမြေများစုံ စမ်းစစ်ဆေးရေးကော်မတီသို့ တင်ပြတောင်းခံရာ ထိုမြေများကို ကော်မတီက စိစစ်လျက်ရှိသည်။
မတ်လ ၁၆ ရက်၊ ၁၇ ရက်များတွင် ကုမ္ပဏီက ဝင်ရောက်ထွန်ယက်ရာ လယ်သမားများက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြကန့်ကွက်ခဲ့သည်။ မြို့နယ်ထွေအုပ်ရုံးက အရေးယူတားမြစ်ခြင်း မရှိသဖြင့် တောင်သူများက မတ်လ ၁၇ ရက်ညပိုင်းတွင် သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်။