အနာဂါတ်အတွက်ဆုံးဖြတ်ချက်ကို မကြာမီကြေညာမည်ဟု အာစင်ဝင်းဂါးပြော

အနာဂါတ်အတွက်ဆုံးဖြတ်ချက်ကို မကြာမီကြေညာမည်ဟု အာစင်ဝင်းဂါးပြော

မတ် ၁၉၊ လန်ဒန်။             ။ ၀က်စ်ဘရွန်းအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက အနာဂတ်နှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို မကြာမီကြေညာမည်ဟု ပြောဆိုလိုက်သည်။

၀က်စ်ဘရွန်းအသင်းအား ရှုံးနိမ့်ခဲ့ရခြင်းသည် အာဆင်နယ်အသင်းအနေဖြင့် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ် ၅ ပွဲတွင် ၄ ပွဲမြောက်ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ရှုံးနိမ့်ရမှုမှာ အာဆင်နယ်အသင်းကို အာစင်ဝင်းဂါးကိုင်တွယ်ခဲ့သည့် သက်တမ်း တစ်လျှောက် အဆိုးရွားဆုံးလည်းဖြစ်သည်။

၀က်စ်ဘရွန်းကို ရှုံးနိမ့်ခဲ့ရသည့်အတွက် အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်လည်း ခက်ခဲသည့်အနေအထား ဖြစ်သွားပြီ ဖြစ်သည်။ အာစင်ဝင်းဂါး၏ အာဆင်နယ်နည်းပြ သက်တမ်းတစ်လျှောက် နှစ်စဉ်ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရဖွယ်ရှိနေသည်။

၀က်စ်ဘရွန်းပွဲအရှုံးကြောင့် အာစင်ဝင်းဂါးမှာ ဖိအားများပိုမိုသက်ရောက်သွားခဲ့ရပြီ ဖြစ်သည်။ ၀က်စ်ဘရွန်းနှင့်ပွဲတွင်လည်း အာဆင်နယ်ပရိသတ်များက အာစင်ဝင်းဂါးအသင်းမှ ထွက်ခွာသွားရန် ပုံစံမျိုးစုံဖြင့်တောင်းဆိုခဲ့ကြသည်။ အချို့မှာ လေယာဉ်ဖြင့် စာတန်းချိတ်ဆွဲကာ တောင်းဆိုခဲ့ကြသည်။

၀က်စ်ဘရွန်းနှင့်ပွဲအပြီးတွင် အာစင်ဝင်းဂါးက 'စိတ်မပူကြပါနဲ့။ ကျွန်တော်ဘာလုပ်ရမလဲသိပါတယ်။ ခင်ဗျားတို့လည်း မကြာခင် သိကြရမှာပါ။ တကယ်ကို မကြာခင်အချိန်လေးပါပဲ။ ခင်ဗျားတို့ မြင်တွေ့ရပါမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့မှာ စိုးရိမ်ပူပန်မှုဖြစ်ဖို့ မလိုပါဘူး။ ကျွန်တော်ဘာလုပ်ရမလဲဆိုတာ သိပါတယ်' ဟု ပြောဆိုခဲ့သည်။

မည်သို့မည်ပုံဆုံးဖြတ်ချက်ချထားသည်ကိုအာဆင်နယ်အသင်းမသိသေးကြောင်းနှင့် လာမည့်နိုင်ငံတကာပွဲစဉ်များကစားမည့် ရက်သတ္တပတ်အတွင်း ကြေညာဦးမည်မဟုတ်ကြောင်း အာစင်ဝင်းဂါးက ဆိုသည်။

၀က်စ်ဘရွန်းကို ရှုံးနိမ့်ခဲ့ရခြင်းသည် အာဆင်နယ်နည်းပြသက်တမ်းတစ်လျှောက်အဆိုးရွားဆုံးရှုံးနိမ့်မှုဖြစ်ကြောင်း အာစင်ဝင်းဂါးက ၀န်ခံခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် အလွန်ခက်ခဲသွားပြီဖြစ်ကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly