ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရီးယဲလ်နှင့်ဘိုင်ယန်၊ ဘာကာနှင့်ဂျူဗီတို့ တွေ့ဆုံ

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရီးယဲလ်နှင့်ဘိုင်ယန်၊ ဘာကာနှင့်ဂျူဗီတို့ တွေ့ဆုံ

မတ် ၁၇၊ ဆွစ်ဇာလန် ။          ။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အတွက် မဲနှိုက်ခဲ့ရာတွင် လက်ရှိချန်ပီယံ ရီးယဲလ်အသင်းမှာ ဘွန်ဒက်စ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းနှင့်တွေ့ဆုံနေပြီး ဘာစီလိုနာအသင်းမှာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းနှင့် တွေ့ဆုံလျက်ရှိသည်။

ယမန်နှစ်ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းကို အံ့အားသင့်ဖွယ်အနိုင်ရပြီး ကွာတားသို့ တက်ရောက်လာနိုင်သည့် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းမှာ လာလီဂါထိပ်သီး အက်သလက်တီကိုအသင်းနှင့် တွေ့ဆုံနေသည်။

လက်စတာအသင်းသည် ကွာတားသို့တက်ရောက်လာသည့် အသင်းများတွင် အက်သလက်အသင်း တစ်သင်းတည်းနှင့်သာ ဥရောပပြိုင်ပွဲများတွင် တွေ့ဆုံခဲ့ဖူးပြီး ယခု အက်သလက်နှင့်ပင်ထပ်မံ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယူအီးအက်ဖ်အေ cup winner’s cup တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

မန်စီးတီးကို အနိုင်ယူနိုင်ခဲ့သည့် ပြင်သစ်ကလပ် မိုနာကိုအသင်းမှာမူ ဂျာမန်ထိပ်သီးအသင်းကြီးနောက်တစ်သင်းဖြစ်သည့် ဒေါ့တ်မွန်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ချန်ပီယံလိဂ်ဖလားရယူပေးခဲ့ဖူးသည့် ဘိုင်ယန်နည်းပြ အန်စလော့တီမှာ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ အန်စလော့တီသည် အေစီမီလန်၊ ရီးယဲလ်အသင်းတို့နှင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သူဖြစ်ပြီး ဘိုင်ယန်နှင့်အတူ ချန်ပီယံလိဂ်တွင် ထပ်မံဗိုလ်စွဲနိုင်ခဲ့ပါက မတူညီသည့်အသင်းသုံးသင်းဖြင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်သည့် ပထမဆုံးနည်းပြ ဖြစ်လာမည် ဖြစ်သည်။

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းမှာ ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့ဖူးပြီး ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ကာ ငါးကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ဖူးသည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ၏ ပထမအကျော့ပွဲစဉ်များကို ဧပြီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကစားမည် ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly