အရက်စွဲနေခြင်းအား အမြစ်ဖြတ်ကုသမှု ခံယူနိုင်ခဲ့ပြီဟု ဘန်အက်ဖလက်ခ်ပြောကြား

အရက်စွဲနေခြင်းအား အမြစ်ဖြတ်ကုသမှု ခံယူနိုင်ခဲ့ပြီဟု ဘန်အက်ဖလက်ခ်ပြောကြား

မင်းသားဘန်အက်ဖလက်ခ်က သူသည် အရက်စွဲနေခြင်းအား အမြစ်ဖြတ်ကုသမှု ခံယူခဲ့ပြီးပြီဖြစ်ကြောင်းနှင့် အကောင်းဆုံးဖခင်တစ်ဦး ဖြစ်လိုကြောင်း ပြီးခဲ့သော အင်္ဂါနေ့က ပြောခဲ့သည်။

အသက် ၄၄ နှစ်အရွယ်ရှိ အက်ဖလက်ခ်က သူ၏ဖေ့စ်ဘုတ်စာမျက်နှာ၌ ကုသမှုခံယူခြင်းသည် ပြန်လည်ကောင်းမွန်လာဖို့ ခြေလှမ်းများစွာထဲကမှ ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်တွင် တရားဝင်မကွာရှင်းပဲ ကွဲနေခဲ့သော သူ၏ ဇနီးဖြစ်သူ ဂျနီဖာဂါနာအား အထူးကျေးဇူးတင်ရမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

“အတိတ်တုန်းက ကျနော်ရင်ဆိုင်နေခဲ့ရပြီး အနာဂတ်မှာ အန္တရာယ်ရှိလာနိုင်တဲ့ အရက်စွဲနေခြင်းအတွက် ကျနော်ကုသမှုတွေခံယူခဲ့ပါတယ်” ဟု လင်းနို့လူသားဇာတ်ကား၏ မင်းသားဖြစ်သူက   ရေးသားခဲ့သည်။

“လိုအပ်နေတဲ့အချိန်မှာ အကူအညီယူရခြင်းဟာ ရှက်စရာမဟုတ်ဘူးဆိုတာကို ကျနော့်ကလေးတွေ သိစေချင်ပါ တယ်။ ပြီးတော့ ပထမဆုံးအဆင့်ကို လုပ်ကိုင်ရာမှာ ထိတ်လန့်နေပြီး အကူအညီ လိုအပ်နေတဲ့ မည်သူမဆိုအတွက် အားကိုးစရာကောင်းတဲ့သူတွေ ဖြစ်လာစေချင်ပါတယ်” ဟု သူက ဖြည့်စွက်ပြောခဲ့သည်။

ဟောလိ၀ုဒ်ရုပ်ရှင်လောကတွင် ထိပ်သီးသရုပ်ဆောင်များဖြစ်ကြသော အက်ဖလက်ခ်နှင့် ဂါနာတို့သည် ကလေး ၃ဦး ထွန်းကားခဲ့ပြီး အိမ်ထောင်သက် ၁၀ နှစ်အကြာ ပြီးခဲ့သော ၂၀၁၅ ဂျူလိုင်တွင် ကွာရှင်းပြတ်ဆဲရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့ဖူးသည်။

အက်ဖလက်ခ်သည် သူ၏အရေးအသားများနှင့် ရုပ်ရှင်ထုတ်လုပ်မှုများအတွက် အော်စကာနှစ်ဆုရရှိခဲ့ဖူးပြီး နောက်ထပ် ထွက်ရှိလာမည့် The Batman ဇာတ်ကားတွင် သူ့ကိုမြင်တွေ့ရမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly